၂။ ယူဆချက်အား အကောင်အထည်ဖော် ဆောင်ရွက်ခြင်း
ကျနော်တို့ ဟာ ခံစားမှု အရ ငြိမ်းချမ်းမယ်လို့  ယူဆထားမိပြီ ဆိုရင်ဖြင့် ဒီတွက်ချက်ကို လက်မလွတ်ချင်တော့ဘူး။ သင့် မသင့် အကျိုး ဖြစ် မဖြစ် ချိန်ဆဖို့  အင်အားမရှိတော့ဘူး။ အဲဒီ ယူဆချက် (အထင်) ကို အကောင်အထည်ဖော်ဖို့  လက်မနှေးတော့ဘူး။ ဆောင်ရွက် ချင်စိတ်ကို ခံစားမှုက တိုက်တွန်းနေတော့တယ်။
ဆုံးဖြတ်ချက်တွေမှာ ထင်ကြေးတွေပါမယ်။ စိတ်ကူးယဉ်မှုတွေ ရှိမယ်။ အစွဲအငြိတွေ မကင်းဘူး။ အသိခြင်း ဆိုတဲ့ အရြာုကီးက အခြေခံ ထားတဲ့ အတွက် အကောင်အထည် ဖော် ဆောင်ရွက်တုန့် ပြန်တဲ့ နေရာမှာ စိတ်ကူး အမှားကနေ လက်တွေ့  အမှားဆီ စတင် ပြီပေါ့။
(က) အထူးပြုလုပ်မှု
ခံစားမှုနဲ့  အသားပေး ဆုံးဖြတ်လိုက်တဲ့ အရာကို အကောင်အထည်ဖော် ဆောင်ရွက်တာ ဟာ (အထူးပြုလုပ်မှု) လို့  ပြောရပါတော့မယ်။ ဘာကြောင့် အထူးပြုလုပ်မှုလို့  ပြောရမှာလဲ ဆိုရင် သာမန် လုပ်ရိုး လုပ်စဉ် ပြုလုပ်မှုထက် အားထည့် ပြုလုပ်ခြင်းကြောင့်ပါ။ စိတ်ခွန် အား ကိုယ်ခွန်အားတွေ ထုတ်ပြီး ဆောင်ရွက်တာ ကြောင့်ပါ။ စိတ်မပါ လက်မပါ လုပ်ရမှာ လားလို့  မေးစရာပါပဲ။ အဲဒီလို မဟုတ်ပါဘူး။ သာမန် လုပ်ရိုး လုပ်စဉ် ပြောရိုး ပြောစဉ်ထက် ပိုကဲပြီးဖြစ်စေ၊ လျော့ပါးလို့ ဖြစ်စေ တဲ့ အရာတွေပါ။
ဥပမာ- ဆဲဆိုတာ၊ အတင်းအဖျင်း ပြောတာ၊ ဂုန်းလျောတာ၊ လှည့်ဖြားတာ၊ သွေးဆောင်တာ၊ လိမ်ညာတာ။
သူတပါးဥစ္စာကို ခိုးဝှက်တာ၊ သောက်စား ရမ်းကားတာ၊ သတ်ပုတ်တာ၊ သားမယားမှားတာ၊ ကူညီနိုင်စရာကို မကူညီတာ၊ ပေးကမ်းသင့်တာ မပေးကမ်းဘဲ နေတာ၊ ဖေးမစရာကို နာ လိုတာ၊ ကိုယ့်ထက်သာတာကို မနာလိုတာ ... ... စတာ စတာတွေဟာ သာမန် လူတစ်ယောက်အတွက် မလုပ်ကောင်း မလုပ်ထိုက်တဲ့ အရာတွေပါ။ အဲဒါတွေကို ကျော်လွန်ပြီး ဖောက်ဖျက် ကျူးလွန်တဲ့ အတွက် အထူးပြုလုပ်မှုလို့  ဆိုပါတယ်။
သာမန် လူပီသသူ တစ်ယောက်အတွက် အတော်အားထည့်ပြီး လုပ်ယူရမယ့် အရာတွေကို မသိမှု အင်အားကြောင့် အသာကလေး စိတ်လုံ လက်လုံနဲ့  လုပ်သွားခြင်းတွေပါ။ အဲဒါကို လွန်ကျုးတယ်လို့  ပြောနိုင်ပါတယ်။ နှုတ်အားဖြင့် ဖြစ်စေ၊ ကိုယ်အားဖြင့် ဖြစ်စေ၊ စိတ်အား ဖြစ်စေ ဟန်ပန် အမျိုးမျိုးနဲ့  ပိုလွန်ကဲ ၍ ဖြစ်စေ၊ လျော့ပါး၍ ဖြစ်စေ လုပ်ဆောင်တဲ့ အရာ တွေ ဖြစ်ပါတယ်။
ကျနော်တို့ တတွေဟာ တစ်ယောက်တည်း ရှိနေတဲ့ နေရာမှာ ဘာမှ လွန်ကျူးစရာ မဖြစ် ပါဘူး။ အဲဒီ နေရာကို နောက်တဦးရောက်လာတဲ့ အချိန်ကနေစပြီး ဆက်ဆံရေးတွေ မျှတ ခြင်း၊ မမျှတခြင်း၊ နာလိုခြင်း၊ မနာလိုခြင်း၊ တရားမှု ၊ မတရားမှု ပဋိပက္ခတွေ ရှိလာပါပြီ။ လူ ဟာ တစ်ဦးနဲ့ တစ်ဦး တိုက်ကြ ခိုက်ကြတာဟာ ဆက်ဆံရေး ဆက်သွယ်မှုတွေ မျှတညီ ညွတ်ခြင်း မရှိရာက နားလည်မှု ပျက်ယွင်းပြီး အလျော်အတိုင်း မမြင်ကြတော့ တာပါပဲ။ အဲဒီတော့ ပမာဏ မမှန်တဲ့ တုန့် ပြန်မှုတွေ ဖြစ်ပေါ်လာတာပါ။
ကိုယ်နှုတ် စိတ်တွေနဲ့  လွန်ကျူးမယ်။ ကောင်းမှု သော်လည်းကောင်း၊ မကောင်းမှု သော် လည်းကောင်း၊ ကောင်းမကောင်း နေရာမရှိမှု သော်လည်းကောင်း၊ ပတ်ဝန်းကျင် လူတွေ အပေါ် မက်မက်မောမောနှင့် သော်လည်းကောင်း၊ ကြောက်ကြောက်ရွံရွံနှင့် သော်လည်းကောင်း၊ ပတ်ဝန်းကျင်အပေါ် မက်စရာကို သိမ်းပိုက်မှုနှင့် သော်လည်းကောင်း၊ ကြောက်စရာကို ဖျက်ဆီးမှုနှင့် သော်လည်းကောင်း စိတ္တဇ စိတ်နဲ့  တုန့် ပြန်မှုတွေဟာ အလျော်မညီတဲ့ တုန့် ပြန်မှုတွေဟာ အထူးပြုလုပ်မှု ဆိုတဲ့ လွန်ကျုးမှုတွေပါပဲ။ ( ခံစားမှု ချမ်းသာကို ရှေ့ ရှုတဲ့ လုပ်ရပ်တွေဟာ အထူးပြုလုပ်မှု လွန်ကျူးချက်တွေပဲ ဖြစ်ပါတယ်)
ကျနော်တို့ ဟာ ပတ်ဝန်းကျင်နဲ့  ဆက်ဆံတဲ့ နေရာတွေမှာ လျော့ပါးဆက်ဆံတာတွေ၊ ပိုလွန် ဆက်ဆံတာတွေ၊ အလယ်အလတ် ဆက်ဆံတာတွေ ဆိုတဲ့ အမျိုးအစား သုံးမျိုး ရှိပါတယ်။
ခံစားမှု အရ ပတ်ဝန်းကျင်ကို ကိုယ်က ကြောက်ရမယ့် အရာနဲ့  မက်မောရမယ့် အရာဆိုတာ ရှိမယ်။ ကြောက်တဲ့ အရာကို တွန်းလှန်နိုင်အောင်နဲ့  မက်မောရတဲ့ အရာကို သိမ်းယူနိုင်အောင် ကိုယ်နှုတ် နှလုံး တခုခုကို အားထည့်လှုပ်ရှား တုန့် ပြန်တယ်။ စိတ္တဇနဲ့  လှုပ်ရှားတုန့် ပြန်တယ် ပေါ့။ အဲဒီ အမှုဟာ ကောင်းချင်ကောင်းမယ်၊ ကောင်းချင်မှ ကောင်းမယ်။
ဒီလို လုပ်တာကို ဘာ့ကြောင့် လွန်ကျူးတယ် ပြောရသလဲ။ ဘာလွန်ကျူးလို့ လဲ မေးစရာရှိပါ တယ်။ ပတ်ဝန်းကျင်လူတွေကို ကိုယ့်ပစ္စည်းတွေလို့  သဘောထားတာဟာ လွန်ကျူးတာပါပဲ။ ကိုယ့်ကိုယ်ကို ဗဟို မဏ္ဍိုင်နေရာမှာ ထားပြီး ပတ်ဝန်းကျင်လူတွေကို ကိုယ့်ရဲ့ အဖြည့်ခံ ပစ္စည်း တွေ ဖြစ်တယ်။ ဒီလိုအမြင်ဟာ လွန်တာပါပဲ။ ဒီအမြင်အတိုင်း နေထိုင်လုပ်ကိုင် ပြောဆိုတာတွေ ဟာလည်း လွန်ကျူးတာတွေပဲ။ ကြောက်ရွံ တိုက်ခိုက် ချေဖျက်တာတွေလဲ အတူပဲ။ ကိုယ်နဲ့  မတူတာနဲ့  ကိုယ့်အတွက် အသုံးမကျတာနဲ့ ဖျက်ချင်တာဟာ ကိုယ့်ကိုယ်ကို ဗဟိုပြု စဉ်းစားတာပဲ မဟုတ်လား။ ဒါဟာ ခံစားမှု အရ တုန့် ပြန်မှုဟာ လွန်ကျူးတာပဲ။ အထူး ပြုလုပ်မှုပဲ။
ရုပ်ဝါဒ အမြင်ရှိတာလည်း လွန်ကျူးတာပါပဲ။ ရုပ်ဝါဒ အမြင်ရှိသူဟာ ပတ်ဝန်းကျင် လူတွေကို လူတွေရှိတယ်လို့  အမှတ်မရအောင် နေထိုင်တယ်။ ဥပမာ ဆိုရရင် ပန်းချီကားကြီး တချပ်ထဲ က ဆေးစက်ကလေး တခုကိုသာ ကြည့်တဲ့ အတွက် ပန်းချီကို အဓိပ္ပါယ် မဖော်နိုင်ဘဲ မသိ မမြင် ဖြစ်နေသလို လူတွေကိုအသိ စိတ်ထဲမှာ မပေါ်အောင် လုပ်ထားလိုက်တယ်။ လူဟာ ပတ်ဝန်းကျင်နဲ့  ဆက်စပ်နေတယ်။ သူက ဆက်စပ်မှုနဲ့  ဆီလျော်တဲ့ တုန့် ပြန်မှု ပေးမယ့်အစား ရှိတယ် လို့ တောင် သတိမရအောင် နေတယ် ဆိုတာဟာ အတော်မကောင်းတာ တခုကို မလုပ်တာ အမှန်ဘဲ။ ရုပ် အမြင်ရှိသူဟာ ပတ်ဝန်းကျင် လူတွေအပေါ် မသိနိုးနား တုန့် ပြန်တာ ဟာ လွန်ကျူးတာပေါ့။ ဒါကြောင့် ဒီသူရဲ့ ကိုယ်နှုတ်နှလုံး တုန့် ပြန်မှုဟာ လွန်ကျူးတုန့် ပြန်မှု ဖြစ်တာပေါ့။
ဒီလို ဖြစ်တဲ့အတွက် သား မယားနဲ့  မိတ်ဆွေ စသူတို့ ရဲ့ ကျောခိုင်းခံရသူတွေ အများအပြား ရှိကြတယ်။ လူ့  အ၀န်းအ၀ိုင်းကြီး အတွင်းမှာ ကိုယ်ဟာ တည်ရှိနေတယ်။ ဒီလို ဖြစ်လျှက်နဲ့  ၀န်းကျင်လူတွေကို အသိအမှတ် မပြုတာဟာ မထေမဲ့မြင် လုပ်မှု အကြီးအကျယ်ပဲ။ လူတွေ အပေါ် လွန်ကျူးမှုကြီးပေါ့။
ကျနော်တို့ ရဲ့ လက်ရှိ ဘ၀ကို နိမ့်အောင် မြင့်အောင် အခြေအနေ အမျိုးမျိုး ဖြစ်ပေါ်လာစေတာ တွေကို ချုပ်ကိုင်တဲ့ အရာဟာ အဲဒီ အထူးပြုလုပ်မှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ အဲဒီ အထူးပြု လုပ်မှုတွေကို ကျနော်တို့ ရဲ့ ကိုယ်နှုတ် စိတ်ထားတွေကနေသာ ပြုလုပ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
0 comments:






