၁။ ခံစားချက်အရ ငြိမ်းချမ်းမည်ဟု ယူဆချက်(အမှန်တကယ် ငြိမ်းချမ်းမှု အသိမဟုတ်)

ကျနော်တို့ ဟာ ခံစားချက်အရ ငြိမ်းချမ်းလိမ့်မယ်လို့  ယူဆထားမိပြီ ဆိုရင်ဖြင့် အဲသည် တွေးဆချက်ကို လက်မလွတ်ချင်တော့ဘူး။ နောက်တမျိုး ဆန်းစစ်ကြည့်ဖို့  ဉာဏ်မထုတ် ချင်တော့ဘူး။ သင့် မသင့်၊ အကျိုး များ မများ ချိန်ဆဖို့  အင်အားမရှိတော့ဘူး။ ဆောင်ရွက် ချင်စိတ်ပဲ တဖွားဖွား တိုက်တွန်းခံနေရတယ်။

ဒီအရာဟာ အထင်ဖြစ်ပါတယ်။ အထင်ဟာ အမြင်လောက် ပီပြင်သေချာမှု နည်းတဲ့ အပြင် အမြင်မှာတောင် အမြင်မှား၊ အမြင်မှန် ဖြစ်ဖို့ ရှိပါသေးတယ်။ ကျနော်တို့ ရဲ့ နေ့ စဉ်ပြောဆို မှု ကြံစည်မှုတွေဟာ အထင်ကို ဦးစားပေးတာ များပါတယ်။ တကယ့်အရှိဖြစ်တဲ့ အသိမျိုးနဲ့  ပြုမူတုန့် ပြန်မှုဟာ အင်မတန်မှ ရာနှုန်းနည်းပါတယ်။ စိတ်ကူး ကြံစည်ချက်တွေမှာလည်း (ကိုယ်ဖြစ်စေလိုတဲ့ အထင်) ကို ဦးစားပေးမိပါတယ်။ အထင်ဟာ စိတ်ကူးယဉ်မှု တမျိုး သာလျှင် ဖြစ်ပါတယ်။

စိတ်ကူးယဉ်မှုဟာ လက်တွေ့ ကျတဲ့ အသိနဲ့ စိတ်ကူးမှု မဟုတ်ပါဘူး။ လက်တွေ့ အခြေ အနေနဲ့  အံဝင်ဂွင်ကျအောင် စိတ်ကို ကူးသန်း တွက်ချက်တာ မဟုတ်ပါဘူး။ စိတ်ကို ကြည်နူး မွေ့ ပျော်အောင် ဇိမ်ခံနေတာပါ။ အဆင်မပြေတဲ့ လက်တွေ့ အခြေအနေထဲကနေ ခဏတာ ရှောင်ခွာပြီး စိတ်ကို ကျေနပ်မှု အတုနဲ့  ချော့မြူ ဖျော်ဖြေနေတာပါ။

အဲဒီလို စိတ်ကူးယဉ်မှုဟာ စိတ်ကူးယဉ်တဲ့ တနေရာမှာဘဲ ရှိနေတာ မဟုတ်ဘဲ၊ လက်ရှိ ရင်ဆိုင်ရမယ့် အခြေအနေအပေါ် ဖြေရှင်းရမယ့် စိတ်ကူးချက်တွေထဲ ၀င်ရောက်နှောက် ယှက်နေပါတယ်။ ပြဿနာတစ်ခု ဖြေရှင်းဖို့ အတွက် စိတ်ကူးချက်တွေ အကြံဉာဏ် ဖန်တီးမှုတွေထဲ စိတ်ကူးယဉ်ခဲ့တဲ့ အရာတွေဟာ အရှိန်မသတ်နိုင်ဘဲ ပါဝင်လာပြီး၊ ရာနှုန်း များများ ရောစပ်လာတဲ့အခါမှာ အမြင်သစ်မဟုတ်ဘဲ အထင်သစ်ဖြစ်လာပါတယ်။

ကျနော်တို့  နေ့ စဉ်အချိန်နဲ့ အမျှ တွေးဆချက် ပြောဆိုမှု တုန့် ပြန်မှုတွေ အားလုံးဟာ တကယ်တော့ ကျနော်တို့  စိတ်ထဲကနေ ကောင်းမှုတွေကိုချည်း ဦးတည်နေတာပါ။ ဘယ်လိုတွေးတွေး ဘာတွေပြောပြော ဘာပဲလုပ်လုပ် ကောင်းမယ်ထင်ပြီး ကောင်းစေချင် တာနဲ့  ချည်းပါဘဲ။

ဘယ်သူ တစ်ဦးတစ်ယောက်မှ မကောင်းတာတွေကို တမင်တကာ ရွေးချယ် လုပ်ကိုင်တာ မရှိခဲ့ပါဘူး။ ကောင်းမယ်ထင်လို့  ထင်တာကိုမှ၊ လုပ်မိနေရင်း … … …. မကောင်းဖြစ်နေရ တာပါ။ ကိုယ်သန်ရာနဲ့  အရင်းပြုပြီး ပြောပြု ကြံကြရင်းက တိုက်မိကြ၊ ခိုက်မိကြနဲ့  မငြိမ်းချမ်းမှု ဆက်ပွားနေတာပါ။

ကျနော်တို့  ကြုံဖူး၊ ဆုံဖူး၊ ယုံဖူးသမျှနဲ့ ငြိနေတာနဲ့ သာတွေးတော ယူဆထားတတ်ပါတယ်။ သင်ကြားထားသမျှ၊ မှတ်သားထားသမျှ၊ လေ့လာထားသမျှရဲ့ အတွင်းမှာဘဲ လှုပ်ရှားပါတယ်။ အဲဒီရဲ့ အပြင်ဘက်အထိ ထွက်ပြီး စဉ်းစားလို့  မရနိုင်ပါဘူး။ မသင်ကြားဖူး တဲ့ ပညာတစ်ခုနဲ့  ဘယ်လိုမှ လုပ်ကိုင်လို့ မရသလို၊ မလေ့လာဖူးတဲ့ အရာတစ်ခုကိုလည်း ဘယ်လိုမှ ထည့်သွင်းစဉ်းစားပေးလို့  မရတတ်တဲ့ သဘောရှိပါတယ်။ သင်ကြားထားသမျှ လေ့လာထားသမျှ … …စသည်တွေကိုလည်း အကုန် အလုပ်မလုပ်စေပါဘူး။ အားသန်ရာ နဲ့ သာ တွက်ချက်တွေးခေါ်တတ်ပါတယ်။ ဒါဟာ တစ်ခုခုကို စွဲထားတဲ့ သဘော၊ တစ်ခုခုနဲ့  ငြိနေတဲ့ သဘောဖြစ်ပါတယ်။ အစွဲအငြိ လို့  ချုပ်ပြောနိုင်ပါတယ်။

ဒါတွေဟာ ယူဆခြင်းသဘော အထင်သက်သက်သာ ဖြစ်တဲ့အတွက် ခံစားချက်အရ သိရတဲ့ ငြိမ်းချမ်းမည်ဟု ယူဆချက်ဖြစ်ပါတယ်။ အဲဒီ ယူဆချက်ရဲ့ လက်သည်ဟာ“မသိမှု” ပါဘဲ။

(က) မသိမှု
ဒီကမ္ဘာကြီးမှာ လေ့လာစရာ သင်ယူစရာတွေ ပြည့်နှက်နေပါတယ်။ လူ့ သက်တမ်းတစ်ခုနဲ့  မလုံလောက်နိုင်အောင်ကို များပြားလျှက်ရှိပါတယ်။ ကျနော်တို့  မသိတာတွေ အများကြီး ရှိပါတယ်။

မသိမှုလို့  ဆိုရာမှာ မသိတာတိုင်းကို ဆိုလိုခြင်းမဟုတ်ပါဘူး။ ဆင်းရဲစရာ ဖြစ်စေမယ့် အခြေအနေ လက္ခဏာရဲ့ လမ်းစဉ်ကိုသာ မသိခြင်း ကိုဆိုလိုပါတယ်။ ဘာကို မသိတာလဲ လို့  ထပ်မေးရင် ဆင်းရဲကို ဆင်းရဲတာလို့  မသိတာပါ။ နောက်တမျိုး။ ဆင်းရဲတာကို ချမ်းသာတယ်လို့  တောင် ပြောင်းပြန် သိနေတဲ့ အသိတွေ ဖြစ်ပါတယ်။ မသိတာကို မသိပါလားလို့ တောင် မသိဘူး ဖြစ်နေ တာတွေပါ။

ဒီနေရာမှာ ပြောစရာ စလာပါပြီ။ ဆင်းရဲစရာကို ဆင်းရဲစရာလို့  လူတိုင်းသိကြမှာပါလို့ ။ ဆင်းရဲစရာ ဖြစ်စေမယ့် လက္ခဏာနဲ့  လမ်းစဉ်ကိုလည်း လူတိုင်းသူတိုင်း သိကြတာပါလို့  ဖြစ်ပါတယ်။

ကျနော်တို့ ဟာ ဆင်းရဲမှုနဲ့  ငြိမ်းအေးမှုကို ဘာနဲ့ ခွဲခြားတာလဲဆိုရင်၊ ခံစားမှုမှာကောင်းရင် ချမ်းသာငြိမ်းအေးတာပဲ။ ခံစားချက်မှာ ဆိုးနေရင်တော့ ဒါဟာ ဒုက္ခတွေ ရောက်နေတာပါပဲ။ ကိုယ်ဖြစ်ချင်တာ ဖြစ်ရရင် ခံစားမှုမှာ ကောင်းနေပြီး၊ ကိုယ်မဖြစ်ချင်တာသာ ဖြစ်ရရင်တော့ ခံစားမှုမှာ ဆိုးနေပါတယ်။ ခံစားမှုမှာ ကောင်းရင် ချမ်းသာပြီး၊ ခံစားမှုမှာ ဆိုးရင်တော့ ဒုက္ခ ပေါ့ဗျာ။

အဲဒီလို ဆင်းရဲနဲ့ ချမ်းသာကို ခံစားမှုနဲ့  ခွဲခြားရမှာ မဟုတ်ပါဘူး။ ဒါကို ဘာနဲ့ ခွဲခြားမှာလဲ ဆိုင် ခံစားချက်နဲ့  မခွဲခြားဘဲ ဘ၀အဖြစ်နဲ့  ခွဲခြားရမှာပါ။ “ဘ၀အဖြစ်” ဆိုတာဘာလဲဆိုရင် ကိုယ့်ဘ၀မှာ ဖြစ်ပေါ် ပေါ်ပေါက်လာတဲ့ အဖြစ်အပျက်ကို ပြောတာပါ။ ဘ၀မှာ ကျနော်တို့  ဘာဖြစ်နေလဲ တစ်ခုခုတော့ ဖြစ်နေတတ်ပါတယ်။

ဥပမာ- မူးယစ်ဆေးဝါး တမျိုးမျိုးကို သုံးစွဲကြည့်လိုက်တယ် ဆိုပါစို့ ။ အဲဒီလို သုံးစွဲလိုက်တဲ့ အခါမှာ ခံစားမှုက ကောင်းနေပါလိမ့်မယ်။ ဒါပေမယ့် “ဘ၀အဖြစ်” ကတော့ ဆေးသမား ဘ၀ကို ရောက်နေပါပြီ။ ခံစားမှုမှာ ကောင်းပေမယ့် ဘ၀အဖြစ်မှာ ဆိုးပါတယ်။

သူများ ပစ္စည်း ကို ခိုးယူလိုက်ပြီဆိုပါစို့ ။ အရချောင်တာပေါ့။ ဒါပေမယ့် ဘ၀အဖြစ်မှာတော့ သူခိုးဖြစ်သွားပါပြီ။ ငွေရချောင်တဲ့ ခံစားမှုကြောင့် သူခိုးဘ၀ရောက်နေပါပြီ။

သူများမယားနဲ့ မှားတော့ ပျော်စရာ၊ ရင်ခုန်စရာကောင်းမှာပေါ့။ ဘ၀အဖြစ်မှာတော့ ကြာကူလီ ဖြစ်ပြီပေါ့။ ပတ်ဝန်ကျင်က လူ့ ရွံ ဖတ်မှန်းမသိရအောင် ဖုံးကွယ် ဟန်လုပ်နေနေ ရပြီပေါ့။

လိမ်ညာ ပြောဆိုတဲ့ ကိစ္စမှာ လတ်တလောခံစားချက်က သက်သာသလို ချမ်းသာမှာပေါ့။ ရှေ့ နောက် စကားတွေ ညီဖို့ အတွက် ဘ၀အဖြစ်မှာ ဖိုးတွန်တီး ဖြစ်ပြီပေါ့။

ခံစားမှုဆိုတာ ကျနော်တို့ ခန္ဓာကိုယ်နဲ့  ပတ်ဝန်ကျင်က ရောက်ရှိလာတဲ့ သတင်းအချက် အလက်( အရုပ်၊ အသံ၊ အနံ၊ အတွေ့ အထိ … … စသဖြင့်) တွေ ထိစပ်ကြတဲ့အခါ ဖြစ်ပေါ်လာရတဲ့ အရာမဟုတ်လား။ အဲဒီမှာ ခံစားမှုကကောင်းရင် ချမ်းသာ၊ မကောင်းရင် ဆင်းရဲတယ်လို့  မှတ်သား မှားကြတယ်။

ကျနော်တို့ ဟာ ခရီးကြမ်းတွေကို ကျော်ဖြတ်နေမယ်။ ခန္ဓာကိုယ်မှာ ပူလောင်ပြီး ချွေးတွေ ထွက်နေမယ်။ ကိုယ်တွေ လက်တွေ ကိုက်ခဲနာကျင်နေမယ်။ ဆာလောင်မှုတွေ ဖြစ်ပေါ်နေ မယ်။ သို့ သော် ရောက်ရှိတဲ့ အကျိုး၊ ဖြစ်ထွန်းမယ့် ဘ၀အဖြစ်က ကောင်းနေမယ်။

လယ်ထွန်နေတဲ့ လယ်သမားဟာ ရွံထဲ၊ မိုးထဲ ခံစားမှုက ဆင်းရဲတာပေါ့။ မိုးအေးအေးနဲ့  ကွေးချင်စရာကောင်းမှာပေါ့။ ဒါပေမယ့် သူ့ အတွက် စပါးရပြီး ဘ၀အဖြစ်ကောင်းမှာပေါ့။

အားကစား လေ့ကျင့်ခန်း လုပ်နေသူဟာ ပင်ပန်းတာပေါ့။ အအိပ်လည်း ပျက်မှာပေါ့။ သို့  သော် ဘ၀အဖြစ်မှာ ကျန်းမာရေးကောင်းတယ်။ စီးပွား လုပ်နေသူမှာ မအားမလပ်နဲ့  ခေါင်း ရှုပ်တာ ခံစားရမှာပါ။ သို့ သော် အကျိုးစီးပွား တွေ ဖြစ်ထွန်းပြီး ဘ၀အဖြစ်ကကောင်းတယ်။

အများအကျိုးသယ်ပိုးသူမှာ ပင်ပန်းပြီး ကိုယ့်ရှိတာလေး ဆုံးရှုံးတာပေါ့။ သို့ သော် လောက အတွက် အကျိုးဖြစ်တယ်လေ။

ခံစားမှုနဲ့  ဘ၀အဖြစ်မှာ ခံစားမှုက သိသာပေါ်လွင်ပြီး ဘ၀အဖြစ်ကတော့ ပုန်းကွယ်နေပါ တယ်။ ကျနော်တို့ ဟာ ခံစားချက်ကိုသာ မြင်ပြီး ဘ၀အဖြစ်ကို မကြည့်ဖြစ်ကြဘူး။ ခံစားမှု ကလည်း လတ်တလောမှာ အတော့်ကိုနှိပ်စက်တာ မဟုတ်လား။ အဲဒီ ဒဏ်ကို မခံနိုင်တော့ လိမ်မိတယ်၊ ဆဲမိမယ်၊ အဲဒီရဲ့ အကျိုးဆက်တွေနဲ့  သတ်မိမယ်၊ ခိုးမိတယ်၊ သောက်စားဖြစ်တယ် သောင်းကျန်းမိတယ် ဆိုတော့ ဘ၀အဖြစ်ကောင်းတာဆီကို မရောက်ပဲ ဆင်းရဲတွင်းထဲ ပြန်ကျရပါတယ်။

ကျနော်တို့ ဟာ မွေးလာကတည်းက ကိုယ့်ကိုယ်ကို ဘယ်လိုထားရင် သာတယ်။ ကိုယ့်ကိုယ်ကလေး ဘယ်လိုထားတာ ခံရတဲ့ အတွက်နာတယ်လို့  ကိုယ်သိတယ်။ နာတာ လည်း သိတယ်၊ သာတာလည်း သိတယ်။ နာတဲ့ အတွက် နာတာလည်း ရွံမုန်းတယ်။ သာ တဲ့အတွက် သာတာကိုလည်း မြတ်နိုးတယ်။

အဲဒီသာတာ မြတ်နိုးတယ်။ အဲဒီနာတာ ရွံမုန်းတယ် ဆိုတာ ဝေဒနာတွေ ခံစားမှုတွေရဲ့ လက္ခဏာတွေပဲ။ အဲဒီ ခံစားမှုတွေကပဲ ကိုယ့်ကိုယ်ကို တခါတည်း မိုးသီး မိုးပေါက်လို လွှမ်း မိုးလာခဲ့တာ ဆိုတော့ အဲဒီ ခံစားချက်တွေကို ကိုယ်က လွန်ပြီး မတွေးတတ်ဘူး။ ပြောမယ် ဆိုရင် လူဆိုတာ အဲဒီ ခံစားမှုတွေနဲ့  အသက်ရှင်ပြီး နေရတာ ဆိုတော့ အဲဒီခံစားမှုနဲ့  လွတ်ပြီး မတွေးတတ်ဘူး။ ခံစားမှုနဲ့  ကျော်လွန်တဲ့ အနက်အဓိပ္ပါယ်ကို မဖော်တတ်ဘူး။ အဲ ဒီလို မဖော်တတ်တော့ ခံစားမှုကလည်း အမှန်တွေ မပြဘူး။ တချို့ ခံစားမှုတွေဟာ ကောင်း တယ်၊ ကောင်းပေမယ့်လည်း တကယ်ကျတော့ လူကို ပျက်စီးအောင် ဖျက်ဆီးတယ်။ တချို့  ခံစားမှုတွေက ဆိုးတယ်၊ ဆိုးပေမယ့်လည်း လူကို ကြီးမြတ်အောင် မ တယ်။ ဒါကို ကြည့်ခြင်းအားဖြင့်ခံစားမှုနဲ့  လူကို ကြီးမြတ်မှုနဲ့ က မပတ်သက်ဘူး။ ခံစားမှုကောင်းတာနဲ့  လူကြီးမြတ်တာနဲ့  မပတ်သက်ဘူး။ ခံစားမှု ဆိုးတာနဲ့  လူနိမ့်ကျတာနဲ့  ကလည်း မပတ် သက်ဘူး။ အဲဒီတော့ ခံစားမှုက လူကို လွှမ်းမိုးထားတော့ လူကလည်း ခံစားမှုပဲ သိတယ်။

တကယ့်ကြီးမြတ်မှုနဲ့  နိမ့်ကျမှု ပိုင်းဆိုင်ရာတွေကျတော့ လူတွေက မသိဘူး။ အဲဒီတော့ အဲဒီခံစားမှုတွေကပဲ လူတွေကို လွှမ်းမိုးထားတော့ ခံစားမှုက လွတ်ပြီး မတွေးတတ် မခေါ်တတ်တော့ဘူး။

ဒီလိုပဲ နေ့ စဉ်ပြောဆို ပြုမူ တွေးဆချက်တွေမှာ ခံစားမှုကိုပဲ ဇောင်းပေးထားကြတယ်။ ကိုယ့်ကိုယ်ကို သနားပြီး လိမ်မိတယ်။ မခံချိ မခံသာဖြစ်ရလို့  ဆဲရေးတိုင်းထွာ လိုက်မှ စိတ် သက်သာ ပေါ့ပါးသွားမယ် ထင်မိတယ်။ တကယ်မှာ အမှုတစ်ခု တိုးပြီး ပြဿနာက ကြီးထွားလာတယ်။

ဒီတော့ ကျနော်တို့ ဟာ ခံစားချက်မှာကောင်းပြီး ဘ၀ အဖြစ်မှာ ဆိုးတဲ့ အရာနဲ့  ခံစားချက် မှာ မကောင်းပေမယ့် ဘ၀အဖြစ်မှာ ကောင်းတဲ့ အရာ၊ အဲသည်နှစ်ခုကို ရွေးရတော့မယ်။ ကျနော်တို့ ကို ပတ်ဝန်းကျင်က ပေးလိုက်တဲ့ အချက်အလက် တစ်ခုခုနဲ့  ကျနော်တို့ ရဲ့ စိတ် ထဲ ခေါင်းထဲမှာ ပေါ်ပေါက်လာတဲ့ ညွန်ကြားချက် တစ်ခုခုကို အလွယ်တကူ အကောင် အထည်ဖော် တုန့် ပြန်မှာလား၊ အဲဒီအရာတွေကို ခံစားချက်နဲ့  ဆုံးဖြတ်မှာလား၊ ဘ၀ အဖြစ်နဲ့  သုံးသပ်တွက်ချက် ကြည့်မှာလား ဆိုတာ သိရတော့ပါမယ်။

အဲဒီလို ကျနော်တို့ ဟာ ခံစားချက် ဆင်းရဲနဲ့  ဘ၀အဖြစ်ဆင်းရဲ နှစ်ခုမှာ ဘယ်ဆင်းရဲက တကယ်ဆင်းရဲတဲ့ ဆင်းရဲအစစ်လဲလို့  သိမှသာ ချမ်းသာ အစစ်ကိုလည်း ရနိုင်ပါလိမ့်မယ်။

ဆိုလိုချင်တဲ့ မသိခြင်း ဆိုတာ ဆင်းရဲတာကို မသိခြင်းနဲ့  ဆင်းရဲမှာကို မသိခြင်း (ဆင်းရဲ အစစ်) မသိခြင်း ပဲ ဖြစ်ပါတယ်။

0 comments: