၃။ ဆောင်ရွက်ခြင်းအပေါ် အားထုတ်စဉ်ကအတိုင်း ပြန်လည်ခံစားမှု
အထူး ပြုလုပ်မှု ဆိုတဲ့ လွန်ကျူးမှု ဖြစ်ပြီး နောက်ပိုင်းမှာလည်း အထူးပြုလုပ်စဉ်က အတိုင်း ခံစားမှုက ဖြစ်ပေါ်ကျန်ရစ်ခဲ့ပါတယ်။ အဲဒီ ခံစားမှုတွေဟာ ကျေနပ်ခြင်း၊ မကျေနပ်ခြင်း၊ အားရ ခြင်း၊ အားကျခြင်း၊နောင်တရခြင်း တို့ အရ နောက်တစ်ကြိမ် ထပ်မံဖြစ်ပေါ်လာစေဖို့  ခံစားချက် အရ ငြိမ်းချမ်းမယ်လို့  ယူဆဖို့ အတွက် အားယူ သိုလှောင် ထားပါတယ်။
(က) အကျင့်စွဲခြင်း
အထူးပြုလုပ်ချက် လွန်ကျူးမှု ပြီးဆုံးသွားပေမယ့်။ ပျောက်ပျက်မသွားဘဲ လွန်ကျူးမှုဟာ ရှိနေ ပါသေးတယ်။ ဥပမာ- ခိုးယူခြင်းလုပ်ငန်း ပြီးဆုံးသွားခဲ့ပေမယ့် ခိုးမှု ရှိနေပါတယ်။ ခိုးသူအဖြစ် ကျန်ရစ်ခဲ့ ပါတယ်။ မပြုလုပ် စဉ်ကလို လူရိုး လူသန့်  မဟုတ်တော့ ပါဘူး။
ဒီလွန်ကျူးမှုမျိုး နောက်တစ်ခါ ထပ်ဖြစ်ဖို့  ဒါမမဟုတ် ပြုခဲ့ မိတဲ့အတိုင်း အသိတစ်ခုလည်း ကျန်ကပ်နေပါတယ်။ ဒါကို အကျင့် ပါတယ်၊ အကျင့် စွဲတယ်လို့  ပြောရမှာပါ။
ကျနော်တို့  ဆီမှာ မွေးတုန်းက ဘာအမူအကျင့်မှ ပါမလာပါဘူး။ ကောင်းမှု ဆိုးမှုတွေ လုပ်ပြီး ကာမှ ဥာဉ်တွေ ကပ်တာပါ။ ကိုယ်ကိုယ်တိုင် တစ်စုံ တစ်ခုကို လုပ်ပြီး သဘောကျ၊ ဘ၀င်ကျ တာဖြစ်ဖြစ်၊ မကျေနပ်တာဘဲ ဖြစ်ဖြစ် တခြား တယောက်ယောက် လုပ်တာ ကိုင်တာကို ကြည့်ပြီး၊ သိပြီး သဘောကျတာ၊ သဘောမကျတာဘဲ ဖြစ်ဖြစ် အားမရတာ စိတ်တိုင်းမကျတာ ဘဲ ဖြစ်ဖြစ် ကိုယ့်ဆီမှာ အသိတစ်ခု ၀င်လာပြီး ကပ်နေတတ်ပါတယ်။
တချိန်ချိန် အခါ အားလျော်တဲ့ အခါမှ အထူးပြုလုပ်ဖို့ အတွက် ခံစားမှု အရ ငြိမ်းချမ်းလိမ့်မယ် လို့ ယူဆဖို့ အတွက်၊ အထောက်အကူ ပေးရန် အတွက် ပုန်းကွယ်နေပါတယ်။
ကျနော် ကျောင်းသားဘ၀က ကျောင်းကိုသွားတဲ့လမ်းဟာ သေနတ်ပစ်ကွင်း ဘေးကနေ ဖြတ်သွားရတယ်။ သေနတ်ပစ်ကွင်းလို့ သာ သိရတယ် ဘောလုံးကွင်းကြီး လိုပါပဲ။ အုတ်တံ တိုင်းပတ်လည်း ခတ်ထားပြီး ၀င်းတံခါးနီကြီး ပိတ်ထားတာ တွေ့ နေကြ။
တနေ့  ကျောင်းကအပြန်မှာ ကျယ်ကျယ်လောင်လောင် အသံတွေ တဒိုင်းဒိုင်းနဲ့  အထဲဘက် က ကြားနေရတယ်။ သေနတ်သံတွေဘဲ ဖြစ်မှာ၊ စိတ်ဝင်စားပြီး သူငယ်ချင်းနှစ်ယောက် တယောက် ပုခုံးပေါ် တစ်ယောက်တက်၊ တယောက်တလှည့် အုတ်တံတိုင်းပေါ်ကနေ အထဲကို ကျော်ကြည့်ကြတယ်။ မြက်ပင်ရှည်ကြီးတွေ ပေါက်နေတဲ့ တောင်ကုန်းကလေး တခုကို မြင်ရတယ်။ ကျန်တာ ဘာမှ မတွေ့ ရဘူး။ အုတ်တံတိုင်းပေါ်ကနေ တွဲလောင်း ပြန်ဆင်းပြီးတာ နဲ့  တပြိုင်နက် အနောက်ကို လှည့်ကြည့်လိုက်တော့ ရဲသားကြီး တယောက် ပြေးဝင်လာပြီး လက်ထဲမှာ ကိုင်လာတဲ့ နွားရိုက်တဲ့ ကြိမ်လုံးလောက်ရှိမယ်၊ တအားလွဲရိုက်ခံလိုက်ရတာ နာနာနဲ့  ကြောက်ကြောက်နဲ့  အသက်လုပြီး ပြေးခဲ့ရတယ်။ နောက်နေ့ တွေက စပြီး ကျောင်းကို တခြားလမ်းကပဲ သွားတော့တယ်။
နှစ်တွေကြာခဲ့ပြီးနောက် ဒီနေရာလေးကို ပြန်ရောက်တဲ့အခါမှာ ဒီရဲသားကြီးလည်း မရှိတော့ပြီ၊ ဒါတောင်မှ နှလုံးက ဒီနေရာ အရောက်မှာ နဲနဲ ခုန်နေသေးတယ်။ ဒီအဖြစ်အပျက်ကို ကြုံတွေ့  ရပြီး တော်တော်ကြာတဲ့ အထိ ရဲမြင်ရင် လန့် တဲ့ စိတ်က ၀င်နေသေးတယ်။
ကျနော်တို့ ရဲ့ မှတ်ဉာဏ်တွေဟာ neuron ခေါ်တဲ့ နဗ်ကြောထဲမှာ သိမ်းဆည်းထားတာ မဟုတ် ဘဲ၊ ဦးနှောက်ရဲ့ ဆဲလ်တွေထဲမှာ သိမ်းဆည်းထားတာ ဖြစ်ပါတယ်။ ယာယီနဲ့  ရေရှည် သိမ်းဆည်းထားရမယ့် အရာတွေကို synapeses လို့ ခေါ်တဲ့ neuron နဗ်တွေကို ဆက်သွယ် ထားတဲ့ နေရာတွေမှာ သိမ်းဆည်းထားတယ်လို့  သိရပါတယ်။ အလွန်သေးငယ်တဲ့ nreuon နှစ်ခုကြား နေရာလေးဖြစ်ပါတယ်။ neuron တစ်ခုရဲ့ signal emitting finger လို့ ခေါ်တဲ့ သတင်းပေးပို့ တဲ့ လက်က ပေးပို့ ပြီး signal receiving finger လို့ ခေါ်တဲ့ တခြား neuron တစ်ခုက သတင်းကို လက်ခံရယူပါတယ်။
သတင်းပေးပို့ တဲ့ လက်ကို axon လို့ ခေါ်ပြီး လက်ခံတဲ့ လက်ကိုတော့ dentrte လို့ ခေါ်ပါ တယ်။ အဲဒီ synapses တို့ ရဲ့ network ဟာ မှတ်ဉာဏ်ကို ဖြစ်ပေါ်စေပါတယ်။ ယာယီ (သို့ မဟုတ်) ရေရှည်သိမ်းဆည်းရမယ့် မှတ်ဉာဏ် အသီးသီးအဖြစ် သိမ်းဆည်းထားပါတယ်။
အချိန်ကာလအလျောက် မှတ်ဉာဏ်အားကို တိုးမြှင့်နိုင်သလို၊ အားနည်း စေနိုင်သလို၊ ဖျောက်ဖျက်လို့ လည်း ရတယ်လို့  လေ့လာရပါတယ်။ လူတစ်ယောက်ရဲ့ ဦးနှောက်ထဲမှာ neuron ပေါင်း ၁၀ ဘီလီယံကျော်ခန့်  ရှိပါတယ်။
စိတ်ဝင်စားဖွယ် စိတ်လှုပ်ရှားမှုများကို တွေ့ ရှိပြီးနောက် synapse တို့ ဟာ နာရီပေါင်း များစွာ တည်တံ့နေပါ သေးတယ်။ ဒါပေမယ့် အဲဒီနောက်မှာတော့ ဗို့ အားဟာ တဖြည်းဖြည်းချင်း လျော့နည်းလာတတ်ပါတယ်။ တကယ်လို့  shock လို့ ခေါ်တဲ့ စိတ်လှုပ်ရှားမှု ထိန့် လန့် မှုဟာ သုံးကြိမ် ဆက်တိုက်လောက် ဖြစ်ပျက်ခဲ့မယ် ဆိုရင် synapse တို့ ရဲ့ ဗို့ အားဟာ အမြဲတမ်း တည်တံ့နေပါတော့တယ်။
အဲဒီလိုပဲ ကျနော်တို့ ရဲ့ ကိုယ်နှုတ် နှလုံး လွန်ကျူးချက်တွေဟာလည်း သုံးခါလောက် ပြုလုပ် လျက်သား ဖြစ်ခဲ့မယ် ဆိုရင်လည်း ဖျောက်ဖျက်ပစ်ဖို့  အဲဒီ အကျင့်စွဲ၊ ဥာဉ်ဆိုးကို ဖျောက်ဖို့  ခက်ပါပြီ။
ဒါဟာ မှတ်ဉာဏ်သဘောပါပဲ။ ကျနော်တို့ ရဲ့ ဦးနှောက်စွမ်းအားဟာ မိနစ်တိုင်း မိနစ်တိုင်းရဲ့ အတွေ့ အကြုံကို အကဲဖြတ်ပြီး နောင်တချိန် အတွက် ပြန်လည် အသုံးပြုဖို့  ထိမ်းသိမ်းထား ပါတယ်။ ပြောမယ်ဆိုရင် ကျနော်တို့ ရဲ့ ဦးနှောက်ဟာ အနာဂတ်အတွက် တိုက်ရိုက်ပတ်သက် နေပါတယ်။
ခုနှစ် ခုနှစ်လီ ငါ့ဆယ့်ခြောက် ကိုတော့ အကြိမ်ကြိမ် ထပ်ကာထပ်ကာ ကျက်မှတ်ခဲ့ရပေမယ့် ရုပ်ရှင်ဇာတ်လမ်းတစ်ခုကို ပီပြင်အောင် ပြန်ပြောပြနိုင်ပါတယ်။ ဒါဟာ စိတ်ဝင်စားမှု၊ စိတ်လှုပ် ရှားမှု၊ တရွေ့ ရွေ့ ဖြစ်စဉ် (သို့ မဟုတ်) ဇီဝကမ္မ ဖြစ်စဉ်ကြောင့်ပါ။
စက်ပြင်ဆရာ တစ်ယောက်ဟာ ဘယ်အပိုင်းကို ဘယ်လို ပြုပြင်လိုက်ရတယ် ဆိုတာကို ပြန်ပြောပြနိုင်ပါတယ်။ တောင်တက်သမား တစ်ယောက်ကလည်း သူ့ ကိုကယ်တင်ခဲ့တဲ့ ကိုင်စရာလေးက ဘယ်နေရာလေးမှာ ဘယ်လို လှိုဝှက်စွာ ရှိနေတယ်ဆိုတာကို မှတ်မှတ်ရရ ရှိပါတယ်။
ကျနော်တို့  လုပ်သမျှတွေဟာ မှားချင်မှား၊ မှန်ချင်မှန် လုပ်ခဲ့ပြီးရင်တော့ ဥာဉ်တစ်ခု ကပ်နေမှာ ပါပဲ။ ခိုးသူ တစ်ယောက်ဟာ ခိုးတဲ့ အလုပ်ကို စိတ်ကုန်ခမ်းပြီး ဆန့် ကျင်စွန့် ပစ်တဲ့ လုပ်ငန်း မလုပ်မချင်း အချိန်တွေ ဘယ်လောက်ခြားခြား သူခိုးပဲ ဖြစ်ပါတယ်။ သူ့  လုပ်ဆောင်မှုဟာ နောက်ထပ် လုပ်ဆောင်မှု တစ်ခုနဲ့  ပြုပြင်ခြင်းရဲ့ ခြေဖျက်တာကို မခံရရင် ၊ မခံရသမျှအထိ တည်တံ့နေပါတယ်။
တစ်စုံတစ်ခုသော အမှုကို လွန်ကျူးတဲ့ အခါမှာ မှတ်ဉာဏ်တွေက အလိုအလျောက် သိမ်းဆည်းပြီး အချိန်ကိုက် လှုပ်ရှားနေပါတယ်။ အချိန်မှီ တုန့် ပြန်ဆောင်ရွက်နိုင်ရေး အတွက် သတင်းအချက်အလက်တွေ လက်ခံပြီး ဆုံးဖြတ်ချက် ချပေးနေပါတယ်။ ဒီလုပ်ငန်း အဆင့်ဆင့်ကို ဖြစ်ပေါ်စေတဲ့ ဗဟို အချက်အခြာနေရာဟာ ဦးနှောက်အတွင်းမှာ ရှိတဲ့ မက်မွန် သီးနဲ့ တူတဲ့Amygdala ပဲဖြစ်ပြီး သတ္တ၀ါတွေရဲ့ တရွေ့ ရွေ့ ဖွံ့ ဖြိုး ပြောင်းလဲမှု ဖြစ်စဉ် အစောပိုင်း လောက်ကတည်းက တည်ရှိခဲ့တဲ့အရာလို့  ပညာရှင်များက ဆိုပါတယ်။
အာရုံကို လက်ခံပြီး တုန့် ပြန်ဆောင်ရွက်တဲ့ Amygdala ဟာ ဦးနှောက် ဗဟိုချက်မမှာရှိတဲ့ အခြား အစိတ်အပိုင်းတွေနဲ့ အတူ ပူးပေါင်း ဆောင်ရွက်လေ့ ရှိပါတယ်။ ဦးနှောက်ရဲ့ လက်ခံရေး ဌာန ဖြစ်တဲ့ Thalamus ထဲဖြတ်သန်းရောက်ရှိလာတဲ့ အကြောင်းရင်းခံကို စစ်ဆေးတဲ့၊ သိုမှီရာ ဌာနတစ်ခုဖြစ်တဲ့ Hippocampus က အမှတ်တရ ရှိနေအောင်လည်း ဆောင်ရွက်ပေးပါတယ်။
ခန္ဓာကိုယ်မှလည်း နှလုံးဟာ ခုန်နှုန်းမြန်လာစေဖို့ ၊ နဗ်ကြောတွေ တေဇောဓါတ် ပိုလာစေဖို့ ၊ အရေပြားတွေ အေးလာပြီး ကြက်သီးထစေဖို့ ၊ မျက်လုံးတွေ ပြူးကျယ်လာစေဖို့  အာရုံခံ အင်္ဂါ မှန်သမျှကို ဦးနှောက်တွင်းနေရာတွေက ဆောင်ရွက်ညွန်ကြားပေးပါတယ်။
အာရုံခံ အင်္ဂါမှလည်း ခံစားမှု အမျိုးမျိုးကို ဦးနှောက်ဆီ ပြန်လည် သတင်းပို့ ပြန်ပါတယ်။ တစုံ တခုသော လွန်ကျူးမှု အပေါ်အားရမှု၊ အားမရမှု ကျေနပ်မှု၊ မကျေနပ်မှု အမျိုးမျိုး တစိမ့်စိမ့် ပြန်လည်ခံစားနေတော့ပါတယ်။
လွန်ကျူးတုန့် ပြန်ခြင်းဟာ သာမန် လုပ်ရိုးလုပ်စဉ် လို မဟုတ်ပါဘူး။ စိတ်ခံစားမှု စိတ်လှုပ်ရှားမှု၊ ရှိပြီး ဇီဝဖြစ်စဉ်အရ အမှုအကျင့်ကပ်ပါတယ်။ ကိုယ်စိတ်တွေထမယ်။ အာရုံခံ အင်္ဂါတွေကြွမယ်။ ကြွလာတဲ့ အာရုံခံ အင်္ဂါတွေက ပတ်ဝန်းကျင်ရဲ့ (အမြင်၊ အကြား၊ အတွေး) တွေနဲ့  ထိတွေ့ မယ်။ တွေ့ တော့ ခံစာမှုဆိုတာ ဖြစ်ပေါ်လာပါတယ်။
အဲဒီ ခံစားမှုတွေကောင်းရင် ချမ်းသာခြင်းလို့  မှတ်ပြီး၊ ခံစားမှုက ဆိုးရွားတဲ့ အခါမှာတော့ ဆင်းရဲ အဖြစ်မှတ်ယူတယ်။ သည်ခံစားမှုကို ကောင်းမကောင်း ၊ ကြိုက် မကြိုက် ခွဲခြားစိစစ် တာဟာ မသိမှု နဲ့  ဆုံးဖြတ်တာပဲ မဟုတ်လား။
အဲသည် ခံစားမှု ဆင်းရဲကို မခံစားရအောင် တုန့် ပြန်မှု ရွေးချယ်ရာမှာလည်း မသိမှု အခြေခံနဲ့  ပါဘဲ။ သည် တုန့် ပြန်မှုတွေ အပြီးမှာလည်း တုန့် ပြန်စဉ်ကအတိုင်း ခံစား ခံယူစိတ်က ကပ်နေ ပါတယ်။ အဲဒီ ကပ်နေတဲ့ စိတ်အစဉ် ခံစားချက်က ယူဆချက်၊ တွေးတော သုံးသပ်ချက်နဲ့  ဆုံး ဖြတ်ချက် ... ... စသည်တွေမှာ စံနှုန်းအဖြစ်နေရာယူပြီး ခံစားချက်အရ ငြိမ်းချမ်းမည်ဟု ယူဆ စေပါတော့တယ်။
ပြန်လည် ခြုံငုံ ကြည့်ကြမယ် ဆိုရင် ကျနော်တို့  လူသားထု တစ်ရပ်လုံးကို ဆင်းရဲစေတဲ့ အရာဟာ -
၁။ ခံစားချက်အရ ငြိမ်းချမ်းမည်ဟု ယူဆချက်
(က) မသိမှု
၂။ ယူဆချက်အား အကောင်အထည်ဖော် ဆောင်ရွက်ခြင်း
(က) အထူးပြုလုပ်မှု
၃။ ဆောင်ရွက်ချက်အပေါ် အားထုတ်စဉ်ကအတိုင်း ခံစားမှု
(က) အကျင့်စွဲမှု
တို့ ဖြစ်ပါတယ်။
သည်အချက်သုံးခုဟာ တစ်ခုကနေ တစ်ခုဆီ ပြောင်းလဲ ဖြစ်ပွား သွားနေကြတာကို တွေ့ ရပါတယ်။ တစ်ခု ဖြစ်ပေါ်လာပြီး ဒီအတိုင်း ရပ်မနေပဲ နောက်တစ်ခုကို ဖြစ်ပေါ်လာစေပါတယ်။ တခု ဖြစ်ပေါ်ခြင်းဟာ နောက်တခု အတွက် အစဖြစ်ပေါ်နေတာကို တွေ့ ရမှာပါ။ နောက်ဆုံး အချက်ဟာ ပထမဆုံ အချက်ကို ဖြစ်ပေါ်စေပါတယ်။ အလှည့်တကျနဲ့  နေရာယူပြီး ကျနော်တို့  ကိုယ်ပေါ်မှာ လည်ပတ်နေပါတယ်။
ခံစာချက်အရ ငြိမ်းမယ် အေးမယ်လို့  ယူဆထားတယ်၊
အဲသည်ယူဆချက်ကြောင့် အကောင်အထည်ဖော်စရာရှိရင် ဖော်တယ်၊
အကောင် အထည်ဖော်ပြီး နောက်ပိုင်းရောက်တော့ အဲဒီ အကောင်အထည်ဖော်တဲ့ အပေါ် ခံစားတယ်၊
အဲဒီ ခံစားချက် အရနဲ့ အရာရာအပေါ် ငြိမ်းချမ်းမယ်လို့  ယူဆထားလိုက်ပါတယ်။ ။
0 comments:






