အရှေ့ တိုင်းမိန်းမနှင့်အမျိုးသမီး လွတ်မြောက်ရေး ၃


မောင်သာမည
အမျိုးသမီးတွေ အနေနဲ့  လွတ်မြောက်မှု ရချင်တယ် ဆိုရင် အမုန်းစိတ်တွေ၊ အာဃာတ စိတ်တွေ၊ ဒေါသစိတ်တွေနဲ့  တုန့် ပြန်ရမှာ မဟုတ်ပဲ မေတ္တာ တရားနဲ့  ယှဉ်ရပါလိမ့်မယ်။ မေတ္တာတရား မပါဝင်ဘဲ လွတ်မြောက်ရေးကို လုပ်လို့  မရပါဘူး။

မေတ္တာတရား မရှိဘဲ လုပ်ရင် လုပ်သမျှဟာ ပဋိပက္ခတွေကိုပဲ ဖန်တီးလိမ့်မယ် လို့  အိုရှိုက ရှင်းပြပါတယ်။ အနောက်တိုင်း အမျိုးသမီး လှုပ်ရှားမှုဟာ မေတ္တာတရား မပါတာကြောင့် မိန်းမနဲ့  ယောက်ျားတွေ အကြား ပဋိပက္ခတွေကိုသာ တိုးပွားစေတယ်။ ဒါကြောင့် လွတ်မြောက်ရေး မရဘဲ ရန်ပွဲတွေပဲ ထပ်ဖြစ် လာတယ်လို့  အိုရှိုက ထောက်ပြပါတယ်။

မေတ္တာ တရားဟာ လွတ်လပ်မှုကို ဆောင်ကြဉ်းပေး ပါတယ်။ လွတ်လပ်မှုကို မဆောင်ကြဉ်း ပေးရင် အဲဒါဟာ မေတ္တာတရား မဟုတ်ဘူး။ မေတ္တာ တရား မပါတဲ့ ယောက်ျားနဲ့  မိန်းမ ဆက်ဆံရေးဟာ ချစ်ခင် ရင်းနှီးတဲ့ ဆက်ဆံရေး မဟုတ်ဘဲ ထိန်းကွပ် ချူပ်ချယ် အနိုင်ကျင့်ရေး သာဖြစ်နေတယ်လို့  အိုရှိုက ပြောပါတယ်။

မေတ္တာ တရား ဆိုတာ အနိုင်ကျင့် ချုပ်ချယ်မှု မဟုတ်ပါဘူး။ ကိုယ်ချစ်တဲ့သူကို အနိုင်ကျင့် တာမျိုး ဘယ်လို လုပ်လို့ ရမှာလဲ။ ကိုယ်ချစ်တဲ့သူကို ချုပ်ချယ်တာမျိုး ဘယ်လို လုပ်လို့  ရမှာလဲ။ ချုပ်ချယ်တာတွေ အနိုင်ကျင့်တာတွေ လုပ်နေရင်းနဲ့  ချစ်လို့ ၊ မြတ်နိုးလို့  ဘယ်လို ရနိုင်မှာလဲ။ ဒါပေမယ့် ဒီနေ့  ကမ္ဘာကြီး တခုလုံးမှာတော့ ချစ်တယ်၊ ချစ်တယ် ဆိုပြီး အနိုင်ကျင့် တာတွေ ချုပ်ချယ်တာတွေ ဖြစ်နေလေရဲ့ ။ တကယ်တော့ ဒါဟာ ချစ်ခြင်း မေတ္တာ မဟုတ် ပါဘူး။ အာဏာတပ်မက်မှုသာ ဖြစ်ပါတယ်။ တခြားသူအပေါ် ဗိုလ်ကျစိုးမိုးမှုသာ ဖြစ်ပါတယ်။

ခင်ဗျားတို့ ဟာ တခြားသူတွေ လွတ်လပ်မှာကို ကြောက်နေတယ်။ လွတ်လပ်ရင် ထိန်းချုပ်လို့  ရမှာ မဟုတ်တဲ့ အတွက် ကြောက်နေတာ ဖြစ်တယ်။ ဒါကြောင့် ချစ်တယ် ဆိုပြီး လွတ်လပ်မှု ကို နည်းမျိုးစုံနဲ့  ဖျက်ဆီးနေတာ ဖြစ်တယ်။ လွတ်လပ်မှုကို ဖျက်ဆီးလိုက်တာနဲ့  မေတ္တာ တရားလည်း ပျောက်ကွယ်သွားတော့ တာဘဲ။

မေတ္တာ တရားဟာ အလွန် သိမ်မွေ့ နူးညံ့တယ်။ နှင်းဆီပွင့်လေး တပွင့်လိုပဲ။ သည်နှင်းဆီပွင့် လေး ပွင့်လန်းလတ်ဆတ်နေဖို့ အတွက် မိုးရေထဲမှာ၊ လေပြေထဲမှာ၊ နေရောင်ထဲမှာ လွတ်လပ် စွာ ရှင်သန်နေဖို့  လိုအပ်သလို၊ ပျော်ရွင်မြူးတူးနေဖို့  လိုအပ်သလို မေတ္တာတရား ရှင်သန် ဖွဲ့  ဖြို့ နေဖို့ လည်း လွတ်လပ်မှု လိုအပ်တယ်။

မေတ္တာ တရားဟာ ကောင်းကင်ပြင်ကြီးထဲမှာ လွတ်လွတ်လပ်လပ် ပျံသန်းနေတဲ့ ငှက် တကောင် နဲ့ လည်းတူတယ်။ သည်ငှက်လေးကို ဖမ်းပြီး လှောင်အိမ်ထဲ ဖမ်းထည့်လိုက်မယ် ဆိုရင် ငှက်ကတော့ သည်ငှက်ဘဲ။ ဒါပေမယ့် လွတ်လပ်စွာ ပျံသန်းနေတဲ့ ငှက်တော့ မဟုတ် တော့ဘူး။ အကျဉ်းကျနေတဲ့ ငှက်ဖြစ်သွားပြီး။ လွတ်လပ်တဲ့ ငှက်က သေသွားပြီပေါ့။ အကျဉ်း စံငှက်ပဲ ရှိနေတော့တာပေါ့။ ရွှေလှောင်အိမ် ဖြစ်ပါစေ ငှက်ကတော့ အကျဉ်းစံငှက်ပဲ ဖြစ်သွား ပြီ။ ခင်ဗျာဟာ လွတ်လပ်တဲ့ ငှက်ကို သတ်ပစ်လိုက်တာပဲ။ သူ့  အတောင်ပံတွေကို ဖြတ်ပစ် လိုက်တာပဲ။ ကောင်းကင်ကြီးကို ဖယ်ရှားပစ်လိုက်တာပဲ။

ချစ်ခြင်း မေတ္တာတရားဆိုတဲ့ စကားလုံးကို သုံးပြီး ကျွန်တော်တို့  လုပ်နေတာ သည်အတိုင်းပဲ။ ချစ်တယ်၊ ချစ်တယ် ဆိုပြီး ကျွန်တော်တို့  လုပ်နေတာက ရွှေလှောင်အိမ်ကို ဆောက်နေတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့  ကြောက်နေကြတယ်။ ကောင်းကင်ကြီးက ကျယ်ပြန့် တော့ ကျွန်တော်တို့  ကြောက်နေကြတယ်။ ငှက်ကလေး ပြန်မလာမှာကို ကြောက်နေကြတယ်။ ဒါ ကြောင့် ငှက်ကလေးကို ထိန်းချုပ်နိုင်ဖို့ အတွက် လှောင်အိမ်ဆောက်ပြီး အဲသည် လှောင်အိမ် ထဲမှာ ထည့်ထားလိုက်တယ်။ အကျဉ်းချလိုက်တယ်။
ချစ်သူတွေဟာ အမြဲတမ်း ကြောက်နေကြတယ်။ ဘာကြောင့်လဲဆိုတော့ အချစ်ဆိုတာက လေပြေ လေညှင်းလေး တခု တိုက်သွားတာမျိုးနဲ့  တူတာကိုး။ ဒါမျိုးက ဖန်တီးယူလို့  မရဘူး။ သူ့ ဖာသာ ရောက်လာတာ။ လေပြေ လေညှင်းလေးတချက် တိုက်လာသလိုပဲ။ ဒါပေမယ့် သူ့  ဖာသာ ရောက်လာတဲ့ အရာမျိုးဟာ သူ့  ဖာသာ ပြန်ထွက်သွားတတ်ပါတယ်။

အချစ်က ခင်ဗျားဆီ ရောက်လာတယ်။ ရင်ထဲက ပန်းတွေ ပွင့်လာတယ်။ နှလုံးသားမှာ တေးသီချင်းတွေ ပေါ်လာတယ်။ ကချင် ခုန်ချင်စိတ်တွေ ဖြစ်လာတယ်။ ဒါပေမယ့် အဲသည် နောက်ကွယ်မှာ ကြောက်စိတ် တခု ပုန်းကွယ်နေတယ်။ အခု ခင်ဗျားဆီကို ရောက်လာတဲ့ သည်လေပြေ လေညှင်းလေး၊ သည်ရနံ့  မွှေးမွှေးလေနုအေးအေးလေး မနက်ဖြန်မှာ ခင်ဗျား ဆီက ထွက်ခွာသွားရင် ဘာဖြစ်မလဲ။

သည်လိုနဲ့  ကြောက်စိတ် ဖြစ်လာတယ်။ သည်လိုနဲ့  ပိုင်ဆိုလိုမှု ဖြစ်လာတယ်။ သည်လိုနဲ့  တံခါးတွေ ပြတင်းပေါက်တွေကို ပိတ်လိုက်တယ်။ လေပြေ လေညှင်းလေးကို ထွက်မသွားစေ ချင်ဘူးလေ။ ဒါပေမယ့် လေပြေ လေညှင်းလေးကို တံခါးတွေ၊ ပြတင်းတွေ ပိတ်ပြီး လှောင်လိုက်တဲ့ အခါမှာ အဲဒါဟာ နဂိုမူလ လေပြေ လေညှင်းလေး မဟုတ်တော့ဘူး။ အအေး ဓါတ် ပျောက်ကွယ်သွားပြီ။ အမွှေးနံ့  ပျောက်သွားပြီ။ မကြာခင်မှာဘဲ လေက အနံ့ ဆိုးလာ တယ်။ လေနုအေးလေး မွှေးနေဖို့  လွတ်လပ်မှု လိုပါတယ်။ ဒါပေမယ့် ခင်ဗျားက လွတ်လပ်မှု ကို ဖယ်ရှား လိုက်ပြီ။ သည်လိုနဲ့  လေနုအေးလေး သေသွားခဲ့ရပြီ။

ချစ်ခြင်း မေတ္တာ တရား ကင်းမဲ့တဲ့အတွက် ယောက်ျား မိန်းမ ဆက်ဆံရေးဟာ တယောက်နဲ့  တယောက် ချုပ်ချယ်တဲ့ အခြေအနေ တခုကို ဖန်တီးမိသွားတယ်။ အဲဒီ အခြေအနေ ကတော့ အိမ်ထောင်ရေးပဲလို့  အိုရှိုက ပြောပါတယ်။ အိုရှိုက အိမ်ထောင်ရေး ဆိုတဲ့ အရာအပေါ် ပြင်းပြင်း ထန်ထန် ဝေဖန်ပါတယ်။ ယောက်ျားနဲ့  မိန်းမဟာ သည်အိမ်ထောင်ရေး ဆိုတဲ့ အနေ အထားကို ဖန်တီးရင်း တယောက်ကို တယောက် ထောင်သွင်း အကျဉ်းချမိရက်သား ဖြစ်နေ တယ်လို့  ပြောပါတယ်။

ယောက်ျား ဖြစ်သူက မိန်းမ ဖြစ်သူကို အပိုင်သိမ်းရင်း အိမ်ထောင်ရေး ဆိုတဲ့ အခြေအနေကို ဖန်တီးခဲ့ရာမှာ ပထမတော့ မိန်းမဟာ အပိုင်းခံရသူ ဖြစ်ပါတယ်။ ယောက်ျားက ပိုင်ရှင်၊ မိန်းမ က အပိုင်းခံ ပစ္စည်း။ တနည်း ပြောရရင် ယောက်ျားက ကျွန်ပိုင်ရှင်၊ မိန်းမက ကျွန်။ ရှေးဟောင်း တရုတ် နိုင်ငံမှာ ဆိုရင် ယောက်ျားဖြစ်သူက မိန်းမကို သတ်ပစ်ရင်တောင် ပြစ်မှု မမြောက်တဲ့ အကြောင်း၊ ဘာကြောင့်လဲ ဆိုတော့ မိန်းမကို လူလို့ မသတ်မှတ်ဘဲ သက်မဲ့ ပစ္စည်း တခုအဖြစ် သတ်မှတ်ခဲ့တဲ့ အတွက်ကြောင့်လည်း အိုရှိုက ရှင်းပြပါတယ်။ ဒါပေမယ့် ကျွန်ပြုသူဟာလည်း ကျွန်ပဲ ဖြစ်ရတဲ့ အကြောင်းကိုလည်း သူက ထောက်ပြပါတယ်။

ယောက်ျားဟာ မိန်းမကို ကျွန်ပြုတယ်။ ဒါပေမယ့် ယောက်ျားဟာလည်း ကျွန်တယောက်ပဲ ပြန်ဖြစ် သွားခဲ့တယ်။ တကယ်တော့ ကိုယ်ကိုယ်တိုင် ကျွန်မဖြစ်ပဲ သူတပါးကို ကျွန်ပြုလို့  မရဘူး။ ပေးတဲ့ အရာကို ပြန်ယူရစမြဲ မဟုတ်ပါလား။ မေတ္တာပေးရင် မေတ္တာ ပြန်ရပါမယ်။ ကျွန် ဘ၀ကိုပေးရင် ကျွန်ဘ၀ပဲ ပြန်ရပါမယ်။ ပေးတဲ့ အရာဟာ ကိုယ်ဆီကို ပြန်လာစမြဲပါပဲ။
ယောက်ျားတွေက လွတ်လပ်ပြီး မိန်းမတွေက မလွတ်လပ်ဘူးလို့  အမျိုးသမီး တွေက ထင်နေ တာဟာ မှားတယ်လို့  အိုရှိုက ယူဆပါတယ်။ မိန်းမတွေကို မလွတ်လပ်အောင် လုပ်တဲ့အတွက် ယောက်ျား တွေဟာလည်း မလွတ်လပ်သူတွေ ဖြစ်နေတယ်။ မိန်းမတွေကို ကျွန်ပြုတဲ့ အတွက် ယောက်ျားတွေ ကိုယ်တိုင်ဟာလည်း ကျွန်တွေ ဖြစ်နေရတယ်။ ဒါကြောင့် လွတ်မြောက်ရေး ဆိုတာဟာ မိန်းမတွေ အတွက်သာမက ယောက်ျားတွေ အတွက်လည်း လိုအပ်နေတာ ဖြစ်တယ်။ အနောက်တိုင်း မိန်းမတွေဟာ ဒါကို မသိဘဲ ယောက်ျားတွေကိုဆန့်  ကျင် တိုက်ခိုက်နေတယ်။ ဒါကြောင့်လည်း သူတို့ ရဲ့ လွတ်မြောက်ရေး တိုက်ပွဲဟာ လွတ်လပ် မှုကို
ဖော်ဆောင်ပေးမှာ မဟုတ်ပဲ ယောက်ျားတွေ လုပ်ခဲ့သလို ချုပ်ချယ်ရေးသာ ဖြစ်လိမ့်မယ် လို့  အိုရှိုက ပြောပါတယ်။

ယောက်ျားရော မိန်းမပါ လွတ်မြောက်ဖို့  လိုအပ်နေတယ်။ အတိတ်ကာလက လွတ်မြောက်ဖို့  လိုအပ်နေတယ်။ အမှားတွေက လွတ်မြောက်ဖို့  လိုအပ်နေတယ်။ အတိတ် တုန်းက ရှိခဲ့တဲ့ အရုပ်ဆိုးတဲ့ အယူအဆတွေက လွတ်မြောက်ဖို့  လိုအပ်နေတယ်။ ယောက်ျားအသစ်၊ မိန်းမ အသစ်တွေ ဖန်တီးဖို့  လိုအပ်နေတယ်။

မိန်းမတွေ အနေနဲ့  ယောက်ျားတွေကို လက်စားချေတဲ့ နည်းနဲ့  လွတ်မြောက်ရေးကို ယူရမှာ မဟုတ်ဘူး။ လွတ်မြောက်ရေး ဆိုတာ ဒေါသစိတ်နဲ့  မုန်းတီးစိတ်နဲ့  လုပ်ရမှာ မဟုတ်ဘူး။ မေတ္တာ ဂရုဏာ စိတ်တွေနဲ့ သာ လွတ်မြောက်ရေးကို လုပ်ခဲ့မယ် ဆိုရင် အနောက်တိုင်း မိန်းမ တွေဟာ လှပ တင့်တယ်မှုကို လက်လွတ် ဆုံးရှုံးမှာ မဟုတ်ဘူး။ အမျိုးသမီး လွတ်မြောက်ရေး ဆိုတာ အမျိုးသမီးတွေကိုသာ လွတ်မြောက်စေမှာ မဟုတ်ဘဲ ယောက်ျားတွေကိုလည်း တပါတည်း လွတ်မြောက်စေမှာ ဖြစ်တယ်လို့  အိုရှိုက မြင်ပါတယ်။ ဒါကို အနောက်တိုင်း မိန်းမ တွေကတော့ မမြင်ဘဲ ဖြစ်နေတယ်။ ဒါကြောင့်လည်း အနောက်တိုင်း မိန်းမတွေဟာ ယောက်ျား မုန်းတီးရေး၊ ယောက်ျား ဆန့် ကျင်ရေးကို လုပ်ရက်မသား ဖြစ်နေတာကို သူက ထောက်ပြပါတယ်။ သူဖြစ်စေချင်တဲ့ လွတ်မြောက်ရေး လှုပ်ရှားမှုကိုလည်း သူက ရှင်းပြပါတယ်။ အမျိုးသမီး လွတ်မြောက်ရေး ဆိုတာဟာ ယောက်ျားတွေကို တမင် ရည်ရွယ်ပြီး ဒုက္ခပေးရေးပဲ ဖြစ်နေတယ်။ တကယ်က အမှားတွေ ဖြစ်ခဲ့တဲ့ အတိတ်ကာလကို ဆန့် ကျင်ရေး ပဲ ဖြစ်သင့်တယ်။ ဆင်းရဲ ဒုက္ခ ခံစားခဲ့ရတဲ့ အတိတ် ကာလ ဆိုးကို ဆန့် ကျင်တာမျိုးဘဲ ဖြစ်သင့်တယ်။ အဲသည် အတိတ် ကာလ ဆိုးထဲမှာ မိန်းမတွေသာ ဆင်းရဲ ဒုက္ခ ခံစားခဲ့ရတာ မဟုတ် ပါဘူး။ ယောက်ျားတွေလည်း ခံစားခဲ့ရတာပါ။ မိန်းမရော ယောက်ျားတွေပါ ဆင်းရဲ ခဲ့ရတဲ့ အတိတ် ကာလဆိုးကို ဆန့် ကျင် တော်လှန် ပုန်ကန်တာမျိုးဘဲ ဖြစ်သင့်ပါတယ်။ ဒါမှ လွတ်မြောက်ရေး လှုပ်ရှားမှု အမှန် ဖြစ်တယ်။

ဆင်းရဲ ဒုက္ခတွေ ခံစားခဲ့ရတဲ့ အတိတ်ကာလ ဆိုးကို ဆန့် ကျင်တာမျိုး လုပ်မယ်ဆိုရင် တော်လှန်ရေးမှာ သမာ သမတ်ကျမှုဆိုတဲ့ အရည်အသွေး တခု ပါဝင်လာပါလိမ့်မယ်။ အဲသည် အရည် အသွေးက မိန်းမတွေကိုရော ယောက်ျားတွေကိုပါ အကျိုး ရှိစေ ပါလိမ့်မယ်။ ယောက်ျား မိန်းမ အားလုံးကို လှပ တင့်တယ်စေပါ လိမ့်မယ်။

မောင်သာမည
(စားညွန်း- A New Vision of Women's Liberation by Osho )

0 comments: