အရှေ့ တိုင်းမိန်းမနှင့်အမျိုးသမီး လွတ်မြောက်ရေး ၎


မောင်သာမည
ယောကျာ်းတွေ ကြီးစိုးထားတဲ့ ကမ္ဘာလောကမှာ မိန်းမတွေ အနေနဲ့  နှိမ်ခံဘ၀မှာ နေကြရပါတယ်။ မိန်းမတွေကို နှိပ်တာ အကြောင်းမဲ့တော့ မဟုတ်ဘူး။

အကြောင်းရှိတယ်- မိန်းမတွေမှာ သူတို့ ထက်သာလွန်တဲ့ အရည်အသွေးတွေ ရှိနေတာ ကို သိတဲ့အတွက် ယောက်ျားတွေက နှိပ်လာခဲ့တာလို့  အိုရှိုက ပြောပါတယ်။
မိန်းမတွေဟာ သူတို့ ကို ဆွဲဆောင်နိုင်တယ်။ မိန်းမတွေရဲ့  သည်လို ဆွဲဆောင်မှုကို ယောက်ျာားသားတွေ မကျော်လွှား နိုင်ဘူး။
မိန်းမတွေကလည်း ဆွဲဆောင်မှုတွေနဲ့ သူတို့ အပေါ် လွှမ်းမိုးနိုင်မှာကို ကြောက်တယ်။ သည်အကြောက်တရား ကြောင့် မိန်းမတွေကို ဖိနှိပ်လာတာ ဖြစ်တယ်လို့  သူက ဆိုပါတယ်။
မိန်းမတွေကို နှိမ်ချတဲ့ နေရာမှာ ဘာသာရေး သမားတွေဟာ အဆိုးဆုံးပဲလို့  အိုရှိုက ယူဆပါတယ်။ ဘာသာရေးမှာ မိန်းမတွေကို နှိမ်ချခဲ့ပုံနဲ့ ပတ်သက်ပြီး သည်လိုပြောပါတယ်။

ဘုရားသခင်ရဲ့  တရားတော်တွေကို သယ်ဆောင်ဖြန့် ဖြူးနေသူတွေလို့  ကိုယ့်ကိုယ်ကိုယ် ထင်မှတ်နေတဲ့ သူတွေဟာ မေတ္တာတရားအကြောင်း ဂရုဏာတရားအကြောင်း ဟောကြ ပြောကြပေမယ့် မိန်းမတွေကိုတော့ လူလို့  ဘယ်တော့မှ မသတ်မှတ်ခဲ့ကြပါဘူး။
တကယ်တော့ အဲသည် ဘာသာရေးခေါင်းဆောင်တွေဟာ မိန်းမတွေက မွေးထုတ်ပေးလိုက်တဲ့ သူချည်းဖြစ်ပါတယ်။ ဒါပေမယ့်သူတို့ ဟာ မိန်းမဘ၀ မိန်းမအဖြစ်ကို ကဲ့ရဲ့ ကြတယ်။ အပြစ်မြင်ကြတယ်။ အကြောင်းကတော့ ရှင်းရှင်းလေးပဲ။ သူတို့ ဟာ မိန်းမကို ကြောက်နေကြတာပါ။ စိတ်ပညာအရ ပြောရရင် ကြောက်နေတဲ့ တချိန်တည်းမှာ ဆွဲဆောင်ညို့ ငင် တာကိုလည်း ခံနေရပါတယ်။ အကြောက်တရားနဲ့  အစွဲတရားက ယှဉ်တွဲတည်ရှိနေတဲ့ အရာနှစ်ခုပါ။ တကယ်က အကြောက်တရားဟာ စွဲဆောင် ညှို့ ငင်မှုကနေ ထွက်ပေါ်လာတဲ့အရာပါ။ ဘာသာရေးသမား ယောက်ျားတွေဟာ မိန်းမ တွေရဲ့  ညှို့ ငင်ဆွဲဆောင်မှုကိုခံရပါတယ်။ တကယ်က ဒါဟာ သဘာဝပါ။ ဒီအထဲမှာ ဘာမှ အမှားအယွင်း မရှိပါဘူး။ လုံးဝ လူ့ သဘာဝ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာသာရေး ခေါင်းဆောင်ကြီး တစ်ယောက်၊ ကယ်တင်ရှင်ကြီး တစ်ယောက် ဖြစ်ချင်ရင်တော့ ထုံတမ်းစဉ်လာတွေနဲ့ညီအောင် လုပ်ရပါတော့မယ်။ သည်ထုံးတမ်းစဉ်လာ အားလုံးကလည်း ယောက်ျားတွေ ကပဲ ဖန်တီးထားတဲ့ အရာတွေပါ။ သည်နေ့  သည်ကာလထိ ကျွန်တော်တို့ ဟာ ယောက်ျားတွေ ဖန်တီး ထားတဲ့ လူ့ အဖွဲ့ အစည်းထဲမှာ မိန်းမတွေကို ထည့်မစဉ်းစားဘူး။

တရုတ် တွေးခေါ်ပညာရှင်ကြီး ကွန်ဖျူးရှပ်ကို ကြည့်ပါ။ တရုတ် တနိုင်ငံလုံးဟာ ကွန်ဖျူးရှပ်ရဲ့  အတွေးအခေါ် အယူ အဆအောက်မှာ ရှိပါတယ်။ ဒီအယူအဆက ဘာလဲဆိုရင် မိန်းမမှာ ၀ိညာဉ်မရှိဘူး ဆိုတဲ့ အယူအဆ။ မိန်းမမှာ ရုပ်ခန္ဓာ ကိုယ်ပဲရှိတယ်။ ၀ိညာဉ်မရှိဘူး။ ဒါကြောင့် မိန်းမတယောက်ကိုသတ်ရင် လူသတ်မှု မမြောက်ဘူး။ သည်လို ယူဆခဲ့ပါ တယ်။ ဒါကြောင့် တရုတ်နိုင်ငံမှာ ယောက်ျားတယောက်က သူရဲ့ ဇနီးကို သတ်ရင် လူသတ်မှုလို့  မယူဆခဲ့တာ နှစ်ပေါင်း များစွာ ကြာအောင်ပါပဲ။ မိန်းမသတ်တာကို ကိုယ်ပိုင်ဆိုင်တဲ့ စားပွဲတလုံး ကုလားထိုင်တလုံးကို ဖျက်ဆီးပစ်လိုက် သလောက်ပဲ သတ်မှတ်ခဲ့ပါတယ်။ မိန်းမဟာ ပိုင်ဆိုင်စရာ ပစ္စည်းတခုဖြစ်နေခဲ့တယ်။ မိန်းမကို စားပွဲ တလုံး၊ ကုလားထိုင်တလုံးလို သဘောထားခဲ့တယ်။
သည်နေ့ အချိန်မှာ ကမ္ဘာ လောကကြီး တခုလုံးက ကွန်ဖျူးရှပ်ကို ပညာအရှိဆုံး ပုဂ္ဂိုလ်တယောက်လို့  သတ်မှတ်ထား ပါတယ်။ ဘာပညာ ရှိတာလဲ။ သူဟောခဲ့တာ မှန်သမျှကတော့ လူတွေရဲ့ စိတ်ကို ရှုပ်ထွေး ပွေလီစေတာက လွဲလို့  ဘာမှ မရှိပါဘူး။
ဘာသာရေးတိုင်းဟာ မိန်းမကို ကြောက်ကြတယ်။ ဘာကြောင့်လဲဆိုတော့ ဘာသာရေးတိုင်းက လိင်စိတ်ကို ကြောက် ကြတာကိုး။ ဒါ့ကြောင့် ဘာသာရေးတိုင်းက လိင်စိတ်ကို ဖိနှိုပ်ကြတယ်။ လိင်စိတ်ကို ဖိနှိပ်ရင် တဆက်တည်း မိန်းမတွေ ကိုလည်း ဖိနှိပ်လာတယ်။ လိင်စိတ်ကို ကဲ့ရဲ့  ရှုတ်ချမယ်ဆိုရင် မိန်းမကို ကဲ့ရဲ့ ရှုတ်ချရမယ်။ မိန်းမကို လေးစားတယ် ဆိုရင်တော့ လိင်စိတ်ကိုလည်း လေးစားရမယ်။ သည်လို ဆက်စပ်နေပါတယ်
ဘာကြောင့် ဘာသာရေး ခေါင်းဆောင်ဆိုသူတွေက လိင်စိတ်ကို ဆန့် ကျင်ကြတာလဲ။ ဘာသာရေး အမျိုးမျိုးက ခေါင်း ဆောင်တွေဟာ အတွေးအခေါ် အယူအဆ အမျိုးမျိုး ကွဲပြားခြားနားနေပေမယ့် လိင်စိတ်ကို ဆန့် ကျင်တဲ့ နေရာမှာ တော့ အားလုံးတူနေကြပါတယ်။ ဒါဟာ ဘာသာရေးအားလုံး သဘောတူမှုရတဲ့ တခုတည်းသော အချက်ပါပဲ။ လိင်စိတ် ကို ဆန့် ကျင်တာကတော့ လိင်စိတ်ကို ကြောက်လို့ ပါ။ လိင်စိတ်ကို ဘာကြောင့် ကြောက်သလဲဆိုရင် လိင်စိတ်ဟာ လူ မှာ အကြီးမားဆုံး အင်အား ဖြစ်နေလို့ ပါပဲ။ လိင်စိတ်ဟာ သဘာဝအရ ဖြစ်စေ၊ ဇီဝ ဗေဒသဘောအရ ဖြစ်စေ အင်အား အကြီးဆုံးသော အရာဖြစ်ပါတယ်။ နောက်ပြီး လိင်စိတ်ကို ဖျက်ဆီးလို့ လည်း မရနိုင်ပါဘူး။
လိင်စိတ်ကို ရှုတ်ချပြစ်တင်ပြီး ဖိနှိပ်မလား ဒါမှမဟုတ် လိင်စိတ်ကို နားလည်ပြီး ပြောင်းလဲမှု လုပ်မလား။ တကယ်တော့ လိင်စိတ်ကို နားလည်ပြီး ပြောင်းလဲမှု လုပ်ဖို့ က မလွယ်ပါဘူး။ အလွန် အချိန်ကြာမယ်။ အသိတရားတွေ အသိတရား တွေ ကြီးကြီးမားမား လိုအပ်တယ်။ ဘာကြောင့်လဲဆိုတော့ လိင်စိတ်ဟာ မသိစိတ်နဲ့  ဆိုင်တဲ့ အင်အားတခု ဖြစ်နေလို့  ပါ။ ခန္ဓာကိုယ်မှာ ရှိသမျှ ကလာပ်စည်း အားလုံးဟာ လိင်စိတ်နဲ့  ပြီးပါတယ်။ လိင်စိတ်နဲ့  ရှင်သန် လှုပ်ရှားနေပါတယ်။ ကိုယ့်ရဲ့  အသိစိတ်ဟာ မသိစိတ် တခုဖြစ်တဲ့ လိင်စိတ် အင်အားနဲ့  နှိုင်းယှဉ်ရင် ဘာမှ မပြောပလောက်တော့ ပါဘူး။ မသိစိတ်က ကိုယ့်ကို အချိန်မရွေး သိမ်းပိုက်ပစ်နိုင်တယ် ဆိုတဲ့ အကြောက်တရား ပေါ်လာတာပေါ့။ လိင်စိတ်ကို နှိပ်ကွက်တာက ပိုလွယ်တဲ့ ပုံ ပေါက်ပါတယ်။ ဖိနှိပ်တဲ့ အလုပ်အတွက် ဘာအသိပညာမှ မလိုအပ်ပါဘူး။ ဘယ်လို အရှုး အနှမ်းမဆို နှိပ်ကွပ်တဲ့ အလုပ်ကို လုပ်နိုင်ပါတယ်။ တကယ်လည်း အရှုးအနှမ်းတွေပဲ လိင်စိတ်ကို ဖိနှိပ်နေကြတာပါ။
အိုရှို ကအိန္ဒိယ မှာရှိကြတဲ့ ဘာသာရေးမျိုးစုံက ဘာသာရေး ခေါင်းဆောင်တွေ ဘာသာရေး ၀န်ထမ်းတွေ အားလုံးဟာ လိင်မှု ကိစ္စကို နှိပ်ကွပ်လေလေ မိုက်မဲလေလေ ဖြစ်တယ်လို့  ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။ သဘာဝ တရားကို နှိပ်ကွပ်တာဟာ ရှုးမိုက်တဲ့ အလုပ်ဖြစ်ပြီး အဲဒါကြောင့် အသိပညာကိုလည်း ဖျက်ဆီးမိရက်သား ဖြစ်သွားတယ်လို့  သူက ထောက်ပြပါတယ်။
လိင်စိတ်ကို ဖိနှိပ်တဲ့ လူတွေဟာ အလွန်လေးလံ ထိုင်းမှိုင်းတဲ့ပုံ ပေါက်နေကြတဲ့ အကြောင်း ၊ ဘာကိုမှ ကြားတဲ့ သိတဲ့ ပုံလည်း မပေါ်ကြောင်း၊ သူတို့ မျက်လုံးတွေဟာ သေနေကြပြီး ခန္ဓာကိုယ်ကလည်း ကြုံဝင်နေတဲ့ အကြောင်း သူက ပြောပါတယ်။
သူက အိန္ဒိယ နိုင်ငံမှာ ထင်ရှားတဲ့ ဂျိန်းဘာသာမှာ မိန်းမကို ဖိနှပ်ပုံ အကြောင်းသည်လို ဆက်ပြောပြပါတယ်။
မိန်းမ ခန္ဓာနဲ့  ယောက်ျား ခန္ဓာ ဘာကွာခြားသလဲ။ ဇီဝ ကမ္မ သဘောအရ ခြားနားတာပဲရှိတယ်။ ဒါဟာ တကယ့် ခြားနား ချက်လည်းမဟုတ်ဘူး။
ဒါပေမယ့် ဂျိန်းဘာသာကတော့ မိန်းမခန္ဓာကိုယ်က လွတ်မြောက်မှုကို မဖန်တီးနိုင်ဘူးလို့  ယုံကြည်နေပါတယ်။ မိန်းမ တွေ ပထမဆုံး လုပ်ရမှာက ယောက်ျားဖြစ်အောင် လုပ်ရမှာ ဖြစ်တယ်။ ဒါကြောင့် ဂျိန်းဘာသာမှာ ရှိကြတဲ့ သီလရှင်တွေ ဟာ လွတ်မြောက်မှုအတွက် အားမထုတ်ဘဲ နောက်ဘ၀မှာ ယောက်ျားအဖြစ် မွေးဖွားလာဖို့  အတွက် အားထုတ်ကြပါ တယ်။
ဂျန်းဘာသာမှာ မိန်းမတွေ အပေါ် နှိမ်ချပုံအကြောင်း သူ့ ကိုယ်တွေ့ ကို အိုရှို ကပြောပြပါတယ်။ ဂျိန်းဘာသာဟာ ယောက်ျားတွေပဲ ဘုန်းကြီးဝတ်ရတဲ့ ဘာသာဖြစ်တယ်။ ဂျိန်းဘုန်းကြီးကို တိတ္တံကရ လို့ ခေါ်ပါတယ်။ တိတ္တံကရ ဖြစ်ရင် ဘာအ၀တ်အစားမှ မ၀တ်ရဘဲ ကိုယ်တုံးလုံးနဲ့  နေရပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ အနေနဲ့  တိတ္တံကရအဖြစ်ကို ရောက်ဖို့  မဖြစ်နိုင်လောက်ပါပဲ။ အ၀တ်အစား ၀တ်ခွင့်ရှိတဲ့ သီလရှင် အဆင့်နဲ့  နေပြီး နောက်ဘ၀မှာ ယောက်ျားဖြစ် အောင် အားထုတ်ဖို့ ပဲရှိပါတယ်။
ဒါကို မာလိဘိုင် ဆိုတဲ့အမျိုးသမီးက မကျေနပ်ပါဘူး။ ယောက်ျားတွေပဲ လွတ်မြောက်မှုကို ရနိုင်တယ်ဆိုတဲ့ အယူအဆ ဟာ ယောက်ျားတွေ တီထွင်ထားတဲ့ အယူအဆတခု ဖြစ်တယ်လို့  သူကပြောပြီး တိတ္တံကရ အဖြစ် ၀င်ရောက်လိုက်ပါ တယ်။ အ၀တ်အစားမ၀တဘဲ ကိုယ်တုံးလုံးနဲ့  လွတ်မြောက်မှုရအောင် အားထုတ်ပါတယ်။
သည်လို ရဲရဲရင့်ရင့် တော်လှန် လိုက်တဲ့အခါ မာလိဘိုင် ဂျိန်းဘာသာမှာ တိတ္တံကရ အဖြစ် လက်ခံလိုက်ရပါတယ်။ ဒါပေမယ့် မာလိဘိုင် ကွယ်လွန်တဲ့ အခါမှာ နာမည်ကို မာလိနသ် ဆိုတဲ့ ယောက်ျားနာမည်ကို ပြောင်းပြီး ရုပ်တုကိုလည်း ယောကျာ်း ရုပ်တုအဖြစ် ထုလုပ်ထားပါတယ်။
သည်အကြောင်းကိုသိတဲ့ အိုရှိုက ဂျိန်းဘုရားကျောင်းကိုသွားပြီး တိတ္တံကရ မာလိဘိုင်ရဲ့  ရုပ်တု ဘယ်ဟာလဲလို့  မေးလိုက်ပါတယ်။ သည်အခါမှာ ဘုရားကျောင်းမှာ ရှိတဲ့ ဘုန်းကြီး တပါးက ယောက်ျားရုပ်တု တခုကို ညွန်ပြခဲ့ပါတယ်။ တကယ်က မိန်းမ တယောက်ကို ဂျိန်းဘာသာရဲ့ အထွတ်အမြတ်ဖြစ်တဲ့ တိတ္တံကရ အဖြစ် နေရာမပေးနိုင်တဲ့အတွက် ယောက်ျား နာမည်ပြောင်းပြီး ယောက်ျား ရုပ်တု ထုထားတာ ဖြစ်တဲ့ အကြောင်း အိုရှိုက သိတော့ အငြင်းပွား ကြပါတယ်။ နောက်ဆုံးတော့ အိုရှိုကို ဂျိန်း ဘုရားကျောင်းထဲ အ၀င်မခံတော့ပါဘူး။
ဂျိန်းဘာသာမှာလိုပဲ မိုဟာမဒင်ဘာသာနဲ့  ဂျူးဘာသာတွေမှာလည်း မိန်းမကို နှိမ်ထားတယ်လို့  အိုရှိုက ပြောပါတယ်။ မိုဟာမေဒင် ယောကျာ်း တယောက်ဟာ မိန်းမ လေးယောက်ယူခွင့် ရှိတယ်။ ဒါပေမယ့် မိုဟာမေဒင် မိန်းမတယောက် ကတော့ ယောက်ျား လေးယောက် ယူခွင့်မရှိဘူး။ နောက်ပြီး မိန်းမတွေကို ပလီထဲ ၀င်ခွင့်မပေးဘူး။ မိန်းမတွေဟာ ပလီ အပြင်ကပဲ ၀တ်ပြုခွင့်ရတယ်။ မိန်းမ တယောက်ဖြစ်တဲ့အတွက် ညစ်ညမ်းတယ်လို့  ယူဆထားတာကိုး။
ကျွန်တော်မှတ်မိတဲ့ ဇာတ်လမ်းတစ်ပုဒ်ရှိတယ်။ တကယ့်ဖြစ်ရပ်မှန် ဟုတ်၊ မဟုတ်တော့ မသိဘူး။ အိန္ဒိယ ၀န်ကြီးချူပ် အင်ဒီရာ ဂန္ဒီဟာ အစ္စရေးကို သွားလည်ပါတယ်။ အဲသည်အချိန်က အစ္စရေး ၀န်ကြီးချုပ် ဂိုလ်ဒါမေယာ ဖြစ်ပါတယ်။ ၀န်ကြီးချုပ် နှစ်ယောက်လုံးဟာ မိန်းမတွေ ဖြစ်ပါတယ်။ အင်ဒီရာ ဂန္ဒီဟာ အစ္စရေးကို ရောက်တဲ့အခါ ဂျူးဘုရား ကျောင်း ကိုသွားပြီး ဂျူးဘာသာဝင်တွေ ဘယ်လိုဝတ်ပြုသလဲဆိုတာ ကြည့်ချင်ပါတယ်။ ဒါကြောင့် ဂိုလ်ဒါမေယာက အင်ဒီရာဂန္ဒီ ကို ဂျူးဘုရားကျောင်း တခုဆီကို ခေါ်သွားပါတယ်။ ဘုရားကျောင်းကို ရောက်တော့ ဘုရားကျောင်းရဲ့  ခန်းမထဲ ခေါ်မသွားဘဲ လသာ ဆောင်ကိုခေါ်သွားပါတယ်။
အင်ဒီရာ ဂန္ဒီက လသာဆောင်ဆိုတာ ၀န်ကြီးချုပ်တွေ ထိုင်ရတဲ့ သီးသန့်  နေရာတခုလားလို့  ဂိုလ်ဒါမေယာကို မေးပါတယ်။ တကယ်က ဂျူးဘာသာရဲ့ ထုံးစံအရ မိန်းမတွေကို လသာဆောင်ဘက်မှာ သီးသန့် ခွဲထားပြီး နေရာပေး ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဂိုလ်ဒါမေယာက အဲသည်လို ခွဲခြားထားတဲ့ အကြောင်း မပြောချင်ပါဘူး။ ဒါကြောင့် ဟုတ်တယ်၊ ဒီလသာဆောင်ဟာ ၀န်ကြီးချုပ်တွေ အတွက် သီးသန့် နေရာပါလို့ ပဲ ပြန်ဖြေခဲ့တယ်။
တကယ်က လသာဆောင်ဟာ ၀န်ကြီးချုပ်တွေ ထိုင်ဖို့  သီးသန့် နေရာ မဟုတ်ပါဘူး။ မိန်းမတွေ အတွက် ခွဲခြားထားတဲ့ နေရာသာ ဖြစ်ပါတယ်။ ၀န်ကြီးချုပ် ဖြစ်ပေမယ့် မိန်းမကတော့ မိန်းမပဲ မဟုတ်ပါလား။ ။
မောင်သာမည
(စာညွန်း - A New Vision of Women’s Liberation by Osho)


0 comments: