အပိုင်း (၃)

ဘုန်းကြီးတို့ လည်း တိုင်းရေးပြည်ရေး မအေးတာနဲ့ ပြည်တွင်းမှာ ကောင်းကောင်းတောင် ၀ါမဆိုဖြစ်ခဲ့ဘူးနော်။
ဒီလိုပဲပေါ့ တကာရေ။
မနေ့ ညက ဘုန်းကြီးပြောနေတဲ့စကားလေး ဆက်ပေးပါဦး ဘုရား။
ဘုန်းကြီးဆိုတာ ဘုရားရဲ့ တပည့်ပဲ၊ ဘုရားဟာ သူ့ တရားကြောင့်ဘုရားဖြစ်ရတာ၊ တရားရှင်ဟာ ဘုရားရှင်ပဲတ ကာ။ တရားရှင်ရဲ့ တပည့်တွေဟာ တရားရေးအတွက် ဘ၀အပြည့်ပေးထားသူတွေပေါ့။

တရားဟာလောကကြီး တစ်ခုလုံးအတွက် စိုးမိုးစေဖို့ ဖြစ်တယ်။ ဒါမှလောကကြီးငြိမ်းချမ်းမယ်။ တရားရဖို့ တရားမျှဖို့ အတွက်ဝန်တာဟာ ဘုန်းကြီးတို့ ကိစ္စပဲ။ နိုင်ငံရေးဆိုတာ ဘုန်းကြီးတို့ နဲ့ ဘာမှ မဆိုင်တဲ့အရာမဟုတ်ဘူးလို့ တွက်လို့ မသင့်ဘူး။ ပြည် သူပြည်သားတွေရဲ့ စားဝတ်နေရေးဟာ ဘုန်းကြီးတို့ ရဲ့ စားဝတ်နေရေးပဲ။

ဝမ်းသာပါတယ်ဘုရား။ ဒါပေမယ့် တချို့ သောသူတွေကများ လောကီဆန်တယ်လို့  ဆိုမလားဘုရား။
တကယ်ဆို ဘုန်းကြီးတို့ ရဲ့ စားဝတ်နေရေးဟာ တကာ၊တကာမ ဆိုတဲ့ပြည်သူတွေဆီမှာ မှီခိုရတာဘဲ။ ဘုန်းကြီး တွေရဲ့ရပ်တည်ရှင်သန်မှုတွေက ပြည်သူတို့ တတွေရဲ့ လုပ်အားခတွေနဲ့ ထမ်းမ ထားကြရတာမဟုတ်လား။ ဘုန်း ကြီးမှာ နေ့ စဉ်စားစရာဘယ်ကရလဲ၊ ပြည်သူကပဲကျွေးထားတာ၊ ၀တ်စရာကကော ပြည်သူကပဲပေးထားတာ မဟုတ်လား။ နေစရာဆိုရင်လည်း ပြည်သူကပဲမွေးထားတာ။ နေစရာတွေ ၀တ်စရာတွေဘေးချိပ်ထားလိုက်ဦး၊ စားစရာတစ်ခုအတွက် တွက်ကြည့်မယ်ဆိုရင် ဘုန်းကြီးတစ်ပါးရဲ့  နေ့ ဆွမ်းတစ်နပ်တန်ဖိုးဟာ အချိုပွဲတွေမပါဘဲ တောင် အနည်းဆုံးငွေ(၅၀၀)ကျပ်ပဲထားပြီးတွက်ကြည့်။ ဘုန်းကြီးအပါး တစ်သိန်းဆိုရင် ငွေသိန်း(၅၀၀)ဆိုတော့ မြန်မာတစ်ပြည်လုံး ဘုန်းကြီးရော ကိုရင်ရော အပါးရေ(၅)သိန်းဆိုရင် သိန်းပေါင်း(၂၅၀၀)ဖြစ်နေပြီ။ ဒါတစ်ရက်စာ ရဲ့ တစ်နှပ်စာ အနိမ့်ဆုံးထားတွက်တာနော်။
လောကမှာ ဘုရားရဲ့ တရားတွေ မပျောက်ပျက်အောင် ထိမ်းသိမ်းပြန့် ပွားဖို့ အတွက် သာသနာ တာဝန်ကို မတောင်းမတ မကြောင်းမကြ ၀န်ဆောင်နိုင်ဖို့ အတွက် တကာ တကာမတွေက ထောက်ပံ့လှူဒါန်းနေတာပေါ့။ တကာ တကာမတို့ မှာ စားဝတ်နေရေးရှိသလို ဘုန်းကြီးတို့ ဆီမှလည်း စားဝတ်နေရေးကရှိနေတာပဲ။

ရှိတယ်ပဲ ဆိုဆို မရှိဘူးဘဲဆိုဆို ဘုန်းကြီးတွေကတော့ စားနေကြ၀တ်နေကြတာပဲဘုရား။
ဘုန်းကြီးရဲ့ စားဝတ်နေရေးတွေဟာ တကာ တကာမတို့ ရဲ့ စားဝတ်နေရေးအပေါ် နှစ်ပေါင်းများစွာရပ်တည်ခဲ့ရတာ မဟုတ်လား။

တစ်ရက်စာ တစ်နှပ်စာတောင်သိန်း(၂၅၀၀)လောက်ဖြစ်တယ်ဆိုတော့ မြန်မာပြည်မှာ စစ်သားအင်းအားကလည်း (၅)သိန်းလောက် အနည်းလေးရှိတယ်နော်ဘုရား။ စစ်သားတစ်ယောက်ရဲ့ အနိမ့်ဆုံး လစာဟာ နှစ်သောင်းနဲ့  ပျှမ်းမျှထားပြီးတွက်ရင်တောင် မနဲတော့ဘူး။ သူတို့ တတွေကို ဘာထုတ်ကုန်စွမ်းအင်နဲ့ ဘာလုပ်အားမှမရှိဘဲ အလကား ပေးနေရတာ။
ဘုန်းကြီးတို့ ရဲ့ စားဝတ်နေရေး အာမခံချက်က ပြည်သူတွေဖြစ်နေမှတော့ ပြည်သူ့ အရေးတွေဖြစ်တဲ့ စားဝတ်နေ ရေးဟာလည်း ဘုန်းကြီးတို့ ရဲ့ အရေးအရာပဲပေါ့။ လူသားတို့ ရဲ့ စားဝတ်နေရေးဆိုတာ ပြောရေးဆိုရေး အသက်ရှင်ရေးတွေပဲ အဲဒီအရာတွေညီညွတ်မျှတနေမှ လောကဟာ သာယာငြိမ်းချမ်းတဲ့ ပန်းတိုင်ရောက်မယ်။ မကောင်းမှုတွေကင်းကွာနေမယ်။

တပည့်တော်တစ်ခုနားလည်မိတာက မကောင်းမှုတွေကင်းကွားနေရုံနဲ့  ကောင်းမှုတွေအလိုလိုဖြစ်ပေါ်မလာဘူး။ ဒါပေမယ့် မဇ္ဈိမပဋိပဒါ အတိုင်းညီညွတ်မျှတပြီး တရားနည်းလမ်းတကျ ကောင်းမှုတွေရောက်ပြီး ငြိမ်းအေးနေရင် မကောင်မှုဆိုတာ အလိုလိုကင်းကွာ သွားနေမယ်။ မကောင်းမှုတွေ ပယ်သတ်တာထက် ကောင်းမှုတွေကိုဆောင် ရွက်တာ အစားထိုးနေရာယူပေးလိုက်တာက ပိုထိရောက်တဲ့ သဘောပေါ့ဘုရား။
မတရားတာနဲ့  တရားတာတို့ ရဲ့ အဓိက လက်သည်က သုံးခုပဲရှိတယ်တကာ။ ဒါကို ပါဠိလို(ကာယ၊ ၀စီ၊ မနော)ဆို တဲ့ အလုပ်တွေ အပြောတွေ စိတ်တွေပဲ။ အဲဒီသုံးခုနဲ့ မတရားတာတွေဖြစ်လာသလို တရားတာတွေလည်း ဖြစ်လို့  ရတယ်။ အလုပ်နဲ့ မတရားမှုပြုသလား။ အပြောအဆိုနဲ့ မတရားမှုပြုသလား။ စိတ်နေစိတ်ထားဟန်ပန်တွေကပဲ မတရားပြုသလား၊ ဒီသုံးချက်စလုံး မတရားနေတာလား တရားနေတာပဲလား ဒါပဲ။

အခုလိုတရားအကြောင်းတွေကြားရတော့ တပည့်တော်စိတ်လည်း နူးညံ့တက်ကြွလာသလို ယောက်ယက်ခပ်မှု တွေလည်းတည်ငြိမ်သွားတယ်ဘုရား။ ဆက်ပြီး မိန့် ပါဦး။
သာဓုပါလို့ ကျူပ်ကပြန်ခေါ်ရတော့မပေါ့။ အဲဒီတော့ခုနကပြောသလို အပြောတွေ အလုပ်တွေ စိတ်နေဟန်ပန် တွေဟာ မတရားတာလုပ်မိတတ်သလို တရားတာကိုလည်းလုပ်တတ်ပါတယ်။ ဒီအတိုင်းနေရင်တော့မထင်ပေါ် ပေမယ့် လူနဲ့ လူချင်းဆက်ဆံရာမှာ ဆက်သွယ်မှုတွေမှာ ဖြစ်လာတက်တယ်။

လူနဲ့ လူအချင်းချင်း မဆက်ဆံလို့ ကလည်း ရမှ မရတာကိုးဘုရား။ လူနဲ့ လူအချင်းချင်းမဆက်ဆံဖို့ နေနေသာ သာ ဆက်သွယ်ရေးစနစ်တွေကို ပိုကောင်းပြီးမြန်ဆန်အောင် ကြိုးစားဖန်တီးကြရသေးတယ်။ အဲဒါစားဝတ်နေရေး တွေ တိုးတက်ဖြစ်ထွန်းဖို့ အတွက် လူတွေဟာပေါင်းကြသင်းကြ ကူညီရိုင်းပန်းကြရတာကိုး။
ဟုတ်ပြီ။ အဲဒီတော့ တရားမှု မတရားမှုတွေဟာ အပြောအလုပ်အနေအထားတွေဆိုတော့ အပြောအလုပ်အနေ တွေဟာ စားဝတ်နေရေးတွေဆီ ဦးတည်သွားနေတာချည်းပဲမဟုတ်လား တကာ။ လူတွေရဲ့ စားဝတ်နေရေးဆိုတာ နိုင်ငံ့အရေးဖြစ်သလို တရားရေး၊ မတရားရေး ဆိုတာကလည်း အခြေခံပဲမဟုတ်လား။


တပည့်တော်သဘောပေါက်ပါပြီ ဘုရား။ ဘုန်းကြီးဆိုတာ နိုင်ငံရေးလုပ်တာမဟုတ်ဘူး ပါတီထောင်ပြီးအာဏာကို ကိုင်ဖို့ မဟုတ်ပေမယ့် နိုင်ငံရေးကိစ္စမှာ မတရားရေးကနေ တရားရေးအတွက်တရားမျှတစေဖို့ တရားပြဖို့ အတွက် အခြေခံအရင်းအမြစ်ကနေ လုပ်ဆောင်နေရတာကိုး။
တဆက်တည်းပြောရရင် ဒီမိုကရေစီဆိုတာကလည်း ဘုန်းကြီးတို့ ပိဋကတ်တော်ထဲမှာ မရှိလို့ သင်္ဃန်းခြုံပြီးအိပ် နေရတော့မှာလား တကာ။ လေ့လာကြည့်ရင် ဒီမိုကရေစီဆိုတာ မနေ့ တနေ့ ကမှ ပေါ်ပေါက်လာတဲ့စနစ်တစ်ခု မဟုတ်ဘူး တကာ။ လွန်ခဲ့တဲ့ရာစုနှစ် အစိပ်(၂၅)ကျော်လောက်ကတည်းက ပေါ်ထွန်းနေခဲ့တာပဲ။
အဲဒီ ခေတ်တုန်းကဘာသာစကားနဲ့ ပြောရင် အရိယသစ္စာ ပဲတကာ။ အရိယ ဆိုတာရိုးသားခြင်း ၊ ဖြောင့်မတ်ခြင်း၊ ယဉ်ကျေးခြင်း၊ ပြီးတော့ မြင့်မြတ်ခြင်းဆိုတဲ့ ဝေါဟာရ တွေစုပေါင်းထားတာ။
သစ္စာ ဆိုတာ မပြောင်းလဲတဲ့ထာဝရ အမှန်တရားပဲ။ ရိုးသားခြင်း ယဉ်ကျေးခြင်း ဖြောင့်မတ်ခြင်း နဲ့ 
မြင့်မြတ်တဲ့အမှန်တရားကို အရိယသစ္စာ လို့ ခေါ်တယ်။
အမြင့်ဆုံး လူ့ ဂုဏ်ရည်သိက္ခာတွေပဲ။ ဗုဒ္ဓ ရှာဖွေဖော်ထုတ်ဟောကြားခဲ့တဲ့ တရားတော်တွေရဲ့  အနှစ်ချုပ်ဟာ အရိယသစ္စာ တရားလေးပါးပဲ။ ဒီမိုကရေစီဆိုတဲ့အနှစ်သာရအပြည့်အ၀ဟာလည်း ဗုဒ္ဓ ရဲ့ အရိယ သစ္စာထဲကျရောက်သွားတယ်။ သမာသမတ်လမ်းဟာ ဒီမိုကရေစီကိုခေါ်တာပဲလေ။
ဒီမိုကရေစီ ပီပီသသဖြစ်နေသူဟာ ယဉ်ကျေးဖြောင့်မတ်ပြီး ရိုးသားမြင့်မြတ်တဲ့ သွင်ပြင်နဲ့ ဘာ သာတရားကိုင်းရှိုင်းသူ တစ်ယောက်လို ဖြစ်နေပြီး၊ ဘာသာတရား အမှန်တကယ်ပြည့်ဝရင့်ကျက်သူဟာလည်း ဒီမို ကရေစီ ကျကျနေထိုင်တတ်သူလိုဖြစ်နေမှာပဲ။

ဒါဆို ဗုဒ္ဓ ဘာသာကိုအခြေခံထားတဲ့ မြန်မာပြည်သူ ပြည်သားတွေအဖို့  ဒီမိုကရေစီ နဲမစိမ်းဘူးပေါ့ဘုရား။ အနောက်တိုင်း စကားအသုံးအနှုံးကြောင့်သာ တိုင်းတစ်ပါးရဲ့ ယဉ်ကျေးလို့ ထင်ပြီး အနှစ်သာရက မြန်မာတို့ ဆီမှာ ရှိထားပြီးသားပေါ့။
လွယ်လွယ်ကူကူ လူဗိန်းကလေးအထိနားလည်အောင် ပြောရင်တော့ ဒီမိုကရေစီ ဆိုတာ ဗုဒ္ဓက ပေးထားတဲ့ ကိုယ်ကျင့်တရားနဲ့ အခွင့်အရေးတွေပါပဲ တကာ။ ။

0 comments: